
ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၀ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့ လက်နက်ကြီး များဖြင့် အပြန် အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၈ရက်နေ့မှ ယမန်နေ့ ဩဂုတ် ၂၉ရက်နေ့အထိ စစ်တွေမြို့နယ် ဝါဘိုရွာနှင့် အမြင့် ကျွန်းကျေးရွာတို့တွင် စစ်ကောင်စီနှင့် AAတို့ နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အမြင့်ကျွန်းအနီးနှင့် ဝါဘိုရွာအနီး ရွှေမင်းဂံဆိပ်ကမ်းတို့တွင် စစ်ကောင်စီ၏ ဇက်၊ နေဗီ စစ်သင်္ဘောများ ရပ်တန့်ထားပြီး AA ပိတ်ဆို့ထားသည့်နေရာသို့ စစ်ကောင်စီတပ်များ ရောက်လာသည့်အတွက် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။
“အမြင့်ကျွန်းနဲ့ မိုးစဲကျွန်းကြားရပ်ထားတဲ့ နေဗီတွေက AAပိတ်ထားတဲ့ ဘက်ကျော်လာလို့ ပစ်ကြ တာလို့သိရတယ်။ ဝါဘိုရွာဘက်က နေဗီတွေကလည်း ပစ်တယ်။ လက်နက်ကြီးတွေနဲ့ထုကြတာ။ စစ်တွေမှာ ပထမဆုံး ပစ်ခတ်သံမို့အကုန်လန့်နေကြတယ်။ မြို့နဲ့ ၄မိုင်လောက်ပဲကွာတယ်” ဟု စစ်တွေ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဩဂုတ် ၂၈ရက်နေ့ ည၈နာရီခန့်မှ စတင်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဩဂုတ် နံနက် ၃နာရီထိ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာ ၂၉ရက် ညနေ ၄နာရီတွင် လက်နက်ကြီးများအပြင် ဒရုန်းဗုံးများဖြင့်ပါ ပစ်ခတ် ကြကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုများကြောင့် ရသေ့တောင်၊ မိုးစဲကျွန်း၊ ဆားပြင်ကြီးကျေးရွာကို လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲပြီး လူထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
AA သည် စစ်တွေ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ-စစ်တွေ) အပါအဝင် စစ်ကောင်စီ ထိန်းချုပ် ထားသည့် နယ်မြေအများစုကို ဝိုင်းပတ်ပိတ်ဆို့ထားကြောင်း ဇူလိုင် ၇ရက်နေ့က ထုတ်ပြန်ထားပြီး စစ်တွေ ဒကစ က လက်နက်ချရန် ပြောဆိုထားမှုများလည်း ရှိသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန် ၉ရက်နေ့က စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာမှ ဒေသခံများကို စစ်တွေမြို့တွင်းသို့ ပြောင်းရွှေ့စေကာ အဆိုပါကျေးရွာအချို့တွင် ကာကင်းစခန်းများဆောက်လုပ်ရန် ပြင်ဆင်နေကြောင်း သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ် ၁၀ရက်နေ့ကလည်း စစ်တွေမြို့ကမ်းနားတစ်လျောက်တွင် ခြံစည်းရိုးခတ်၍ ကာကွယ်မှုအချို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
#စစ်တွေ #အမြင့်ကျွန်း #ဝါဘိုရွာ #စစ်ကောင်စီ #AA #အပြန်အလှန်ပစ်ခတ် #Ayeyarwaddy_Times