ဧရာဝတီတိုင်းမ်
ဩဂုတ် ၃၀ ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းတွင် စစ်ကောင်စီ၏ စစ်ကူယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၅ ဦးကျော်သေဆုံးခဲ့ကြောင်း သိရသည်။

ပဒါန်းအခြေစိုက် အမှတ်(၉၀၅) အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် (မစခ-၉၀၅) တပ်ရင်းမှအင်အား ၆၀ ခန့်ပါဝင်သည့် ဖောကားနှစ်စီးကို ယမန်နေ့ ဩဂုတ် ၂၉ ရက်နေ့ နံနက် ၅ နာရီကျော်ခန့်က ပဒါန်း- အမ်းလမ်းပိုင်း စပ်စီရွာအထက်တွင် အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PRA Magway အဖွဲ့ထံက သိရသည်။

“အမ်း(နပခ)ထဲကို သွားမယ့် စစ်ကူယာဉ်တန်းလို့ ထင် တယ်။ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၇ ယောက်လောက် သေတယ်”ဟု PRA Magway စစ်ဦးစီးချုပ်က ဧရာဝတီတိုင်းမ်ကို အတည်ပြု ပြောသည်။

ကြားဖြတ်တိုက်ခိုက်ခံရ၍ သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့သည့် အမှတ် (၁၄) ကာကွယ်ရေး ပစ္စည်းစက်ရုံ(ကပစ ၁၄)မှ ဗိုလ်ကြီးမျိုးကျော်သူအဖွဲ့ဖြစ်ကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။

ယင်းသို့တိုက်ခိုက်ခံရမှုကြောင့် သေဆုံးနှင့် ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို ဖောကားဖြင့်သယ်၍ ပဒါန်းဘက်သို့ ဆင်းလာစဉ် နံနက် ၉ နာရီ ၄၅ မိနစ်ခန့် တွင် PRA Magway အဖွဲ့မှ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့‌ကြောင်း သိရသည်။

တိုက်ပွဲအတွင်းသေဆုံးသွားသည့် ဗိုလ်ကြီးမျိုးကျော်သူသည် ငဖဲမြို့တွင် စစ်မှုထမ်းကိစ္စများနှင့် ပတ်သက်ပြီး တာဝန်ယူထားသူဖြစ်ကြောင်း PRA Magway က ဆိုသည်။

PRA Magway သည် မင်းဘူးခရိုင်အတွင်း အခြေပြုလှုပ်ရှားနေပြီး နိုင်ငံနှင့်အဝှမ်း စစ်နယ် ကျယ်ပြန့်လာမှုနှင့်အတူ တစ်ပြေးညီအကောင်အထည်ဖော်နိုင်ရန် တိုက်ပွဲဝင်လျက်ရှိကာ စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အသိပေး ထုတ်ပြန်ထားသည်။

#မကွေး #ပဒါန်းအမ်းလမ်း #စစ်ကောင်စီ #စစ်ကူယာဉ်တန်း #မိုင်းဆွဲ #ဗိုလ်ကြီး #၁၇ဦးသေဆုံး #PRAMagway #Ayeyarwaddy_Times