
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၉ ရက်
စစ်ကောင်စီက ၎င်းတို့ကျင်းပရန် ကြိုးပမ်းနေသော ရွေးကောက်ပွဲအတွက် မဲစာရင်း အသုံးချရန်နှင့် ပြည်သူကို ပိုမိုတင်းကျပ်မှုများ လုပ်ဆောင်ရန် မကြာမီ ကောက်ယူသွားမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် ယခင်ထက် မေးခွန်းပုံစံများ တိုးမြှင့်စီစဉ်ထားကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံ ရှုံးနိမ့်လာသော စစ်ကောင်စီသည် ၁၀ နှစ်တစ်ကြိမ် ကောက်ယူ လေ့ရှိသည့် ပြည်လုံး ကျွတ် သန်းခေါင်စာရင်းကို လာမည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူသွားရန် ပြင်ဆင်ကြိုးပမ်းနေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၁ နှစ်အကြာမှ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA)၏ ကူညီမှုဖြင့် ပြန်လည်ကောက်ယူခဲ့သည့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် အိမ်ထောင်စု မေးခွန်းပုံစံအတွက် မေးခွန်း ၄၁ ခုနှင့် အဖွဲ့အစည်း မေးခွန်းပုံစံအတွက် မေးခွန်း ၁၁ ခု ရှိခဲ့သော်လည်း လက်ရှိတွင် အိမ်ထောင်စု မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်း မေးခွန်း ၁၈ ခုထိ တိုးမြှင့်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံသား၊ တိုင်းရင်းသား၊ လူမျိုးစသည့် အဓိပ္ပါယ်ဖွင့်ချက်များကို ရှင်းလင်းရန် လိုအပ်ပြီး ထိုအချင်းအရာနှင့် ပတ်သက်၍လည်း ယခင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် အချက် အလက်အကုန် မထုတ်ပြန်နိုင်ခဲ့ကြောင်း အမည်မဖော်လိုသူ နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
“အရင်သန်းခေါင်စာရင်းကလည်း ဒေတာအကုန် မထုတ်ပြန်နိုင်သေးဘူး။ ဥပမာ- လူမျိုး၊ ကိုးကွယ်မှု ဘာသာ။ အခု သန်းခေါင်စာရင်းမှာလည်း ထပ်ကြုံမယ်။ မေးခွန်းဘယ်လောက်များများ ဖြေရသူ ပါးညောင်းတာပဲ ရှိမယ်။ ပြီးတော့မှ မထုတ်ပြန်နိုင်ရင် အဓိပ္ပါယ်မရှိဘူး” ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက ဆိုသည်။
အိမ်ထောင်စု မေးခွန်းပုံစံ ဆိုသည်မှာ သတ်မှတ် သန်းခေါင်ယံတွင် အိမ်ထောင်စုတိုင်းရှိ လူဦးရေကို သိရှိနိုင်ရန်နှင့် ဖြေဆိုသူ တစ်ဦးချင်းစီ၏ လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များကို စုစည်း ကောက်ယူနိုင်ရန် ဖြစ်သကဲ့သို့ မေးခွန်းပုံစံတွင်လည်း အိမ်အခြေအနေနှင့် အိမ်ထောင်စုဆိုင်ရာ အချက်အလက်များ ပါဝင်ကြောင်း သိရသည်။
ယင်းအပြင် ပြည်ပနိုင်ငံသို့ ရောက်ရှိနေသည့် အိမ်ထောင်စုဝင်များနှင့် စာရင်းမကောက်ယူမီ ၁၂ လအတွင်း သေဆုံးခဲ့သော အိမ်ထောင်စုဝင်တို့နှင့် သက်ဆိုင်သည့် မေးခွန်းများလည်း ပါဝင်သလို ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း၌ အိမ်ထောင်စု မေးခွန်းပုံစံတွင် မေးခွန်းပေါင်း ၄၁ ချက်ရှိကြောင်း သိရသည်။
ထို့အတူ ၂၀၁၄ သန်းခေါင်စာရင်းတွင် အဖွဲ့အစည်း မေးခွန်းပုံစံကိုလည်း အိမ်ထောင်စု မေးခွန်း၏ မေးခွန်းများအနက်မှ မေးခွန်း ၁၁ ချက်ကိုသာ ထည့်သွင်းထားပြီး ဆေးရုံ၊ အကျဉ်းထောင်၊ ဘုန်းကြီး ကျောင်း စသည့်နေရာများ၌ အဖွဲ့အစည်းပုံစံဖြင့် နေထိုင်သူများကို ကောက်ယူခြင်းဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ငွေကြေး၊ နည်းပညာ ပံ့ပိုး ကူညီပေးခဲ့သော ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) သည် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကိစ္စရပ်တွင် လက်ရှိနိုင်ငံရေး ပဋိပက္ခများကြောင့် ကူညီပံ့ပိုးမည် မဟုတ်ကြောင်း အတည်ပြု ထုတ်ပြန်ထားသည်။
လက်ရှိတွင် စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်တွင်ရှိမည့် ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နှင့် ခန့်မှန်း အိမ်ထောင်စု ၁၃ သန်းခန့်အား အခြေခံတွက်ချက်၍ စာရင်းကောက်ကွက်ပေါင်း (၁၁၀၀၀၀)ခန့်ကို စာရင်းစစ်၊ စာရင်းကောက် (၄၂၀၀၀) ဦးခန့်ဖြင့် ကောက်ယူရန် လျာထားကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီသည် ရှေ့ကာလများတွင် ၎င်းတို့ထိန်းချုပ်ရာ ဒေသအချို့၌ ၂၀၂၄ သန်းခေါင်စာရင်း အကြို ကောက်ယူမှုများ ပြုလုပ်ခဲ့သော်လည်း အာဏာသိမ်းမှုကိုလက်မခံသော တော်လှန်ရေး အင်အားစုများ၏ တိုက်ခိုက်မှုများ ကြုံတွေ့ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
ဓာတ်ပုံ- စစ်ကောင်စီ
#စစ်ကောင်စီ #ပြည်သူ #ပိုမိုတင်းကျပ် #သန်းခေါင်စာရင်းမေးခွန်းများ #တိုးမြှင့်ထား #Ayeyarwaddy_Times