ဧရာ၀တီတိုင်းမ်
သြဂုတ် ၂၉ ရက်

ဧရာ၀တီတိုင်းတွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးများ စစ်မှုထမ်းရမည်ဆိုသော သတင်းများပျံ့နှံ့နေမှုကြောင့် အမျိုးသမီးအချို့ စစ်မှုထမ်းလိုစိတ်မရှိသဖြင့် ဘေးလွတ်ရာသို့ ကြိုတင် ထွက်ပြေးတိမ်းရှောင်မှုများရှိကြောင်း သိရသည်။

အမျိုးသမီးများ စစ်မှုထမ်းရမည်ဟု သတင်းများပျံ့နှံ့နေမှုကြောင့် ကျုံပျော်မြို့နယ်ကျေးရွာများရှိ အမျိုးသမီးအချို့မှာ ပြီးခဲ့သည့် သြဂုတ်လ ဒုတိယပတ်က စတင်ပြီး အခြားနယ်သို့ပြောင်းရွေ့သူများနှင့် ပြည်ပထွက်၍ အလုပ်လုပ်ကိုင်သူများ ရှိလာကြောင်း ဒေသခံများထံက သိရသည်။

“လက်ရှိအချိန်အထိတော့ မဲနှိုက်စာရင်းကောက်တာ မရှိသေးပါဘူး၊ အစည်းအ‌‌‌ဝေးတွေခေါ်တာ တော့ရှိတယ်။ နောက်ကိုတော့လည်းမပြောတတ်ဘူးပေါ့။ စစ်မှုထမ်းရမယ်ဆိုတဲ့ သတင်းတွေက အရမ်းပြန့်လာတော့ စိုးရိမ်ပြီး ရပ်ကျေးနဲ့ မြို့ပေါ်က မိန်းကလေး အချို့ ရှောင်နေကြတာရှိတယ်” ဟု ကျုံပျော်မြို့နယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ‌ဧရာ၀တီတိုင်းမ်ကိုပြောသည်။

အဆိုပါ အမျိုးသမီးများစစ်မှုထမ်းကိစ္စနှင့် ပတ်သက်၍ ကျုံပျော်မြို့နယ်၊ ‌‌ရေကြည်မြို့နယ်၊ ဇလွန် မြို့နယ်၊ အထောင်၊ ရှားခဲ၊ ငါးသိုင်းချောင်းမြို့နယ်၊ မြောင်းမြမြို့နယ်၊ ဓနုဖြူမြို့နယ်၊ အင်္ဂပူမြို့နယ်၊ ကြံခင်းမြို့နယ်၊ မြန်အောင်မြို့နယ်တို့ရှိ ဒေသခံအမျိုးသမီးများကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့‌ရာ လက်ရှိအချိန်ထိ အမျိုးသမီးများ စစ်မှုထမ်းရန် စာရင်းများကောက်ယူမှုမရှိသေးကြောင်း ဧရာ၀တီတိုင်းမ်ကို ပြန်လည်ဖြေကြားခဲ့သည်။

“သတင်းတွေတော့ကြားနေရပါတယ်၊ လက်ရှိအချိန်အထိတော့ မိန်းကလေးတွေ စစ်မှုထမ်းဖို့ ဘာမှ ပြောတာတွေမရှိသေးပါဘူး။ အမျိုးသားတွေကိုပဲ ရပ်ကွက်အလိုက် စာရင်းကောက်တာပဲရှိတယ်”ဟု ဇလွန်မြို့နယ်မှ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အမျိုးသမီးများ ပြည်သူ့စစ်မှုထမ်းသင်တန်း ကိစ္စနှင့် ပတ်သက်၍ ယခု သြဂုတ်လနောက်ဆုံးပတ်တွင် စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဘီဘီစီက မေးမြန်းခဲ့ရာ အမျိုးသမီးများကို စစ်မှုထမ်းခေါ်ယူရန် သီးခြား အစီအစဉ်မရှိသေးကြောင်း ဖြေကြားထားသည်။

“ သတ်မှတ်ထားတဲ့ စစ်မှုထမ်းအင်အားက အမျိုးသားတွေနဲ့တင် ပြည့်မီနေတဲ့အတွက် အမျိုးသမီး တွေနဲ့ ပတ်သက်ပြီး အခုလောလောဆယ်အထိတော့ သီးခြားအစီအစဥ်မရှိသေးပါဘူး”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။

စစ်ကောင်စီက အတည်ပြုထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အကျူံးဝင်သူများမှာ အမျိုးသား ဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ အထိ၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၂၇ နှစ်အထိဖြစ်ပြီး ကျွမ်းကျင်သူ အမျိုးသားဖြစ်ပါက အသက် ၄၅ နှစ်အထိ အမျိုးသမီးဖြစ်ပါက အသက် ၃၅ နှစ်အထိဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက ထိုသို့ သက်မှတ်ထားသော်လည်း အိမ်ထောင်သည် အမျိုးသမီးနှင့် အိမ်ထောင်ကွဲ အမျိုးသမီးများမှာ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း စစ်မှုထမ်းဥပေဒတွင် ဖော်ပြ ထားသည်။

စစ်ကောင်စီသည် ၎င်းတို့ စစ်ရှုံးနေမှုကို ထိန်းချုပ်၍ ကျန်ဒေသများကို ကာကွယ်နိုင်ရန် ပြည်သူ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှု အဖွဲ့ကိုဖွဲ့စည်းပြီး အသက် ၃၅ နှစ်မှ ၆၅ နှစ်အတွင်းရှိသူ အမျိုးသားများကို စစ်သင်တန်းပေးကာ လက်ရှိဆင်နွှဲနေသည့် တိုက်ပွဲများနှင့် ကိုက်ညီသော လက်နက်၊ စစ်ပစ္စည်းများ တပ်ဆင်ပေးမည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ယခင်က အမျိုးသားများ အသက် ၁၈နှ စ်မှ ၃၅နှစ်အတွင်း ပြည်သူ့စစ်မှု ထမ်းရန်အတွက် ခေါ်ယူခဲ့သည့်အပြင် ယခုအခါ သြဂုတ်လကစတင်ပြီး ကျေးရွာ၊ အုပ်စု၊ ရပ်ကွက် များ၏ လုံခြုံ‌‌‌‌ရေးအတွက် အကြောင်းပြကာ အသက် ၃၅နှစ်မှ ၆၅နှစ်အထိ ထပ်တိုးကာ စစ်မှုထမ်းရန် စာရင်းများကောက်ယူလျက်ရှိသည်။

ဓာတ်ပုံ-စစ်ကောင်စီလက်အောက်ခံ အမျိုးသမီးစစ်သည်များ

#ဧရာ၀တီတိုင်း #အမျိုးသမီးများ #စစ်မှုထမ်းရမည် #သတင်းများပျံ့နှံ့မှု #အမျိုးသမီးအချို့ #ထွက်ပြေးတိမ်းရှောင်နေ #Ayeyarwaddy_Times