ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၉ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က မြန်မာ့ရိုးရာ လက်ယက္ကန်းစင်လုပ်ငန်းများ ကွယ်ပျောက်လုနီး ဖြစ်နေပြီဟု လက်ယက္ကန်းစင်လုပ်ငန်း လုပ်ကိုင်သူအများစုထံမှ သိရသည်။

ယခင်က ပုသိမ်မြို့ပေါ်ရပ်ကွက်များတွင် လက်ယက္ကန်းစင်များဖြင့် ပုဆိုး ၊ လုံချည် နှင့် ဖျင်စ ရက်လုပ်သော လုပ်ငန်းလုပ်ကိုင်သူ အများအပြားရှိခဲ့သော်လည်း ယခုအခါ လုပ်ကိုင်သူတဖြေးဖြေးလျော့နည်းလာပြီး ၂၀၂၄ နှစ်တွင် အလုပ်ရုံ နှစ်ရုံနှင့် လက်ယက္ကန်းစင် ၁၀ စင်ခန့်သာ ရှိတော့ကြောင်းသိရသည်။

“လက်ရှိအလုပ်ရုံ နှစ်ရုံကလည်း ကရင် နဲ့ ကယန်း တိုင်းရင်းသား ပုဆိုးလုံချည် နဲ့ အင်္ကျီအတွက် ဖျင်စတွေကိုပဲရက်တော့တယ်။ တိုင်း ရင်းဝတ်စုံအတွက် သီးသန့်လုပ်တာပေါ့နှော်၊ အဲဒီအလုပ်ရုံက ယက္ကန်းကွက်သစ်မှာတစ်ရုံနဲ့ကရင်အမျိုးသမီးကုန်းမှာ တစ်ရုံရှိတယ်” ဟု ပုသိမ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စက်ယက္ကန်းလုပ်ငန်းများ တွင်ကျယ်လာပြီးနောက် ထုတ်လုပ်မှုအားမှာ တစ်ဆမှ လေးဆ ကွာဟသွားခြင်း ၊ စက်အားပြုလုပ်ကိုင်ရ၍ လက်မှုပညာသည် လုပ်ငန်းလိုအပ်ချက် လျော့ကျလာခြင်း၊ချည်ထည်ကုန် ကြမ်းဈေးမြင့်တက်လာခြင်းတို့ကြောင့် ယက္ကန်းလုပ်ငန်း လုပ်ကိုင်သူနည်းပါးလာသည်ဟု လက်ယက္ကန်းစင်လုပ်ငန်း လုပ်ကိုင်ခဲ့သူတို့ထံက သိရသည်။

ထို့အပြင်လုပ်အားခငွေတည်ငြိမ်မှုမရှိခြင်း ၊ဈေးကွက်ပျောက်လာခြင်း၊နည်းပညာ လိုအပ်ချက်မဖြည့်ဆည်းနိုင်ခြင်း နှင့် ရင်းနှီးမြုပ်နှံနိုင်မှုငွေပင်ငွေရင်းလိုအပ်ခြင်းတို့ကြောင့် လက်ယက္ကန်းစင်လုပ်ငန်း တည်ထောင်သည့် လုပ်ငန်းရှင်များလည်း မရှိတော့လောက်အောင်ဖြစ်သွားသည်ဟု ယက္ကန်းပညာရှင် တစ်ဦးက ရှင်းပြသည်။

“မန္တလေးဝမ်းတွင်းဘက်က အထည်တွေကို ထုတ်လုပ်မှုအရရော ဈေးကွက်အရရော ပုသိမ်ထည်တွေက မယှဉ်နိုင်တော့ဘူး။ ပြီးတော့ ကုန်ချောကြိုတင်လုပ်ပြီး ဖြန့်ချီထားရတော့ ချက်ခြင်း ငွေမပေါ် သေးဘူး။ အလုပ်ရုံမှာ လုပ်သားကိုလုပ်အားခကပေးရတယ် ၊ ငွေမြုပ်ထားပြီး လုပ်ငန်းမလည်ပတ်နိုင်တော့​အလုပ်သမားတွေက အခြားအလုပ်တွေ ပြောင်းလုပ်ကုန်တယ်” ဟု ယက္ကန်းပညာရှင်တစ်ဦးက ပြောသည်။

ယခင်က ပုသိမ်မြို့ရှိ ငဝန်ကျွန်းသာ၊ ယက္ကန်းကွက်သစ် ၊အောင်ချမ်းသာ ၊ ဇေယျဝတီ၊ ကရင်အမျိုးသမီးကုန်း စသည့်ရပ်ကွက်များနှင့် မြို့ပါတ်လမ်း၊ မင်းရပ်တန်းလမ်း၊ အိုးဘိုတန်းလမ်းတို့တွင် လက်ယက္ကန်းစင် အလုပ်ရုံအများအပြားရှိခဲ့ပြီး ထွက်ရှိသောယက္ကန်းထည်များကို ဒေသတွင်း၌သာမက ရန်ကုန်တိုင်း ၊ပဲခူးတိုင်း၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် တို့အထိ ဖြန့်ချီ ရောင်းချခဲ့ကြောင်း ပုသိမ်မြို့ခံအထည်ကုန်သည်များထံက သိရသည်။

#ပုသိမ် #မြန်မာရိုးရာ #လက်ယက္ကန်းစင် #လုပ်ငန်း #ကွယ်ပျောက်လုနီးဖြစ်နေ #Ayeyarwaddy_Times