
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၉ ရက်
ရှမ်းမြောက်၊ နောင်ချို၊ တောင်ခမ်းကျေးရွာရှိ စစ် ကောင်စီ၏ အမြောက်တပ်ရင်း အမှတ်(၉၀၂) အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ် (မစခ- ၉၀၂) ၊ အမှတ် (၂၀၆) အမြောက်တပ်ရင်း (အမတ- ၂၀၆) နှင့် အမှတ် (၄၀၆) အမြောက်တပ်ရင်း (အမတ- ၄၀၆) တို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်သည့် ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိထားပြီ ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ဩဂုတ် ၂၈ ရက်နေ့တွင် စစ်ကောင်စီ၏ အမြောက်တပ်ရင်း သုံး ခုကို TNLA များက ထိန်းချုပ်ထားပြီး ကျန်ရှိနေသည့် အမှတ် (၃၅၄) အမြောက်တပ်ရင်း (အမတ-၃၅၄) တပ်ရင်းကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ၏ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် မစခ ၉၀၂ နှင့် ၎င်း၏လက် အောက်ခံ အမြောက် တပ်ရင်း အမတ ၂၀၆၊ ၃၅၄၊ ၄၀၆ တို့ကို TNLA တပ်များက ဇူလိုင်လကုန်ကတည်း က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“အမြောက်တပ်ရင်း သုံးရင်းလုံး သိမ်းပြီးသွားပြီ။ အမတ-၃၅၄ ကိုဆက်တိုက်နေတယ်။ လေယာဉ်ပစ်ကူ ကလည်း တောက် လျှောက်လာနေတယ်”ဟု နောင်ချို စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ် ၂၅ ရက်နေ့က စတင်ပြီး တောင်ခမ်းကျေးရွာ အမြောက်တပ် များရှိရာဆီသို့ ပြင်ဦးလွင်အခြေစိုက် သိပ္ပံနှင့်သုတေသန နည်းပညာဌာနချုပ် (သသန) တပ်ရင်းမှ နေ၍လည်း လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါးပစ်ကူပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် လေကြောင်းမှနေ၍လည်း မစခ ၉၀၂ တပ်ခစန်းအတွင်းသို့ Y 12 ဖြင့် ဗုံးအလုံး ၁၀၀၊ ဂျက် ဖိုက်တာဖြင့် လေးကြိမ်ပျံသန်း၍ ဗုံး ခြောက် လုံး၊ ၇ မိုင် ဘက်သို့ ဂျက်ဖိုက်တာဖြင့် တစ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မစခ ၉၀၂ တပ်ရင်းအတွင်းရှိ ဗဟိုကင်း၊ အိမ်ထောင် သည်လိုင်းခန်း၊ အရာရှိအိမ်ရာ၊ အရာရှိရိပ်သာ တို့ပါမကျန် တပ်စခန်းတခုလုံးနီးပါးသည် ယမန်နေ့ ဩဂုတ် ၂၈ ရက်နေ့ကတည်းက TNLA လက်ထဲ ကျရောက်သွားပြီ ဖြစ်သည့်အတွက် စစ်ကူအမြန်ပို့ရန် စစ်တပ်ထောက်ခံ တယ်လီဂရမ်များက လှုံ့ဆော် ထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း တောင်ခမ်းကျေးရွာသို့ ရပ်စောက်မြို့မှ စစ်ကောင်စီအင်အား အလုံးအရင်းဖြင့် စစ်ကူပို့သည့် လမ်းကြောင်းကို TNLA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများပြားကြောင်း သိရသည်။
ယင်းတောင်ခမ်းကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းများကျသွားပါက ပြင်ဦးလွင်မြို့နယ်အတွင်းသို့ပါ စစ်ရေးရောက်ရှိလာပြီး သာစည်နှင့် ကျောက်ဆည်နယ်တို့အတွက်ပါ စစ်ရေးအခြေအနေ ဆိုးလာ နိုင်သည့်အတွက် စစ်ကောင်စီက တောင်ခမ်းမကျစေရေးအတွက် အပြင်းအထန်ကာကွယ်နေခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ-TNLA
#ရှမ်းမြောက် #နောင်ချို #တောင်ခမ်း #စစ်ကောင်စီ #အမြောက်တပ်ရင်းများ #TNLA #ပူးပေါင်းတပ် #သိမ်းပိုက် #Ayeyarwaddy_Times