ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၉ ရက်
ကုန်ဈေးနှုန်းကြီးမြင့်လာသည့်အပေါ် စစ်ကောင်စီက ဆန်နှင့် ဆီရောင်းဝယ်ခွင့်များကို ကန့်သတ်လိုက်ပြီးနောက် ပြည်သူများ စားဆီဝယ်ယူရန် ရပ်ကွက်ရုံးများ၌ ဆီတန်းစီဝယ်ယူခွင့်စာအုပ်များကို ထုတ်ပေးနေကြောင်း သိရသည်။
စားသုံးဆီကို စီးတီးမတ်များ၊ ကုန်တိုက်များနှင့် ဈေးဝယ်စင်တာများတွင် လွတ်လပ်စွာရောင်းဝယ်ခွင့်ကို စစ်ကောင်စီက ကန့်သတ်လိုက်ပြီးနောက် ၎င်းတို့စီမံချက်ဖြင့် ရပ်ကွက်အတွင်း တစ်ဦးလျှင် အကန့် အသတ်ဖြင့် ဆီရောင်းချခွင့်ကို လုပ်ဆောင်နေကြောင်း သိရသည်။
ဆီဝယ်ယူရာတွင် ခေတ်နောက်ပြန်ဆွဲနေသည့် သမဝါယမစနစ်အတိုင်း ဝယ်ယူခွင့် စာအုပ်များဖြင့် စစ်ကောင်စီက သတ်မှတ်ထားသည့် အရောင်းဆိုင်တွင် ပြည်သူများ တိုးဝှေ့ဝယ်ယူနေရခြင်းဖြစ်သည်။
စီးပွားရေးဖွံ့ဖြိုးရန် သမဝါယမစနစ်ကိုကျင့်သုံးရမည်ဖြစ်ပြီး နိုင်ငံ၏လက်ရှိအခြေအနေအရ အသင့်လျော်ဆုံးဖြစ်ကြောင်း ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်က ပြုလုပ်သည့် နေပြည်တော်အစည်းအဝေးတွင် စစ်ခေါင်းဆောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
”
သမဝါယမစာအုပ်ကလေးတွေကိုင်ပြီးတန်းစီထုတ်ကြရတာ။ ဆို၊က၊ရေး၊တီးအတွက် ပိုက်ဆံရှိရှိ၊ မရှိရှိ သားသမီးတွေကို သူများတန်းတူလုပ်ပေးရတာတွေ၊ ဆန်ကောင်းလေးဆို သူတို့အတွက်သိမ်းထားပြီး ကျန်တာမကောင်းတာမှန်သမျှပြည်သူယူ။ ကောင်းတာမှန်သမျှ သူတို့မိသားစုနဲ့ မိတ်ဆွေတွေကို ပေးတာ။ ကိုယ်တွေငယ်ငယ်က ကြုံဖူးခဲ့ပြီ။ အခုတကြိမ်ဆို ပိုဆိုး တော့မပေါ့”ဟု အသက် ၅၀ ကျော်အရွယ်ရှိသူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဆီတန်းစီဝယ်ယူရန် စာအုပ်များကို ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် စတင်ထုတ်ပေးနေပြီး တပတ်လျှင် တစ်ကြိမ်ဝယ်ယူခွင့်ရှိကြောင်းနှင့် အလှည့်ကျရောင်းပေးသည့်စနစ်ကို လုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါသမဝါယမစာအုပ်အတွက် တအိမ်လျှင် သန်းခေါင်စာရင်းတစ်ခုနှင့် ဖုန်းနံပါတ်ကို ရပ်ကွက်ရုံး နှင့် ဆိုင်ရာအုပ်ချုပ်ရေးမှူးများထံ သွားရောက်အပ်နှံ ထားရပြီး ရပ်ကွက်ရုံးမှထုတ်ပေးသည့် စာအုပ်ရှိမှသာ စားသုံးဆီဝယ်ယူခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
“ဆီဝယ်ခွင့်စာအုပ်အတွက် သန်းခေါင်စာရင်းနဲ့ ဖုန်းနံပါတ်သွားပေးထားရတယ်။ ရပ်ကွက်ရုံးကစာအုပ်ရပြီဆိုရင် သွားတန်းစီဝယ်ရမယ်။ တပတ်ဘယ်နှစ်ကြိမ်ပေးမယ်လို့တော့ မပြောသေးဘူး။ တအိမ်ထောင်ကို စာအုပ်တအုပ်ပဲရမှာ။ အိမ်ရှိလူစေ့တန်းစီလို့မရဘူး။ တအိမ်ထောင်တယောက်နှုန်း ကန့်သတ်ပြီးပဲထုတ်ပေးမှာ”ဟု သန်လျင်မြို့နယ်နေ အိမ်ရှင်မတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ ပုံဖော်ထားသည့် ဆီတန်းစီဝယ်ယူရာတွင် ပြည်သူများမှာ ပင်ပန်းကြီးစွာဖြင့် နာရီနှင့်ချီ တန်းစီပြီးမှ တအိမ်ထောင်စာအတွက် ဆီ ၅၀ ကျပ်သားသာ ရရှိကြောင်းသိရသည်။
“အပြင်ဈေးနဲ့ တန်းစီပြီးဝယ်ရတဲ့ဈေးကကွာတော့ စီးပွားရေးကအဆင်မပြေတာနဲ့ တန်းစီးပြီးလာဝယ်တာ။ မနက် ၅ နာရီကတည်းက တန်းစီရတာ။ လူရာချီဆိုတော့ မနက် ၁၁ နာရီမှ ဆီ ၅၀ သားရခဲ့တယ်။ အပြင်မှာ ပိုက်ဆံရှိလည်း စိတ်ကြိုက်ဆီဝယ်လို့မရဘူး။ ဆိုင်တွေကိုက မရောင်းရဲတာ။ ဆိုင်တွေကို အစိုးရသတ်မှတ်ဈေးပဲရောင်းရမယ်ဆိုပြီး ပြောထားတယ်လို့ ဆိုင်တွေကပြောတယ်”ဟု သာကေတမြို့နယ်နေ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီလုပ်ဆောင်ချက်များသည် ပြည်သူများကို အခက်အခဲတွင်းသို့ အဖက်ဖက်မှတွန်းပို့နေသကဲ့ သို့ဖြစ်နေပြီး စီးပွားရေး၊ စားဝတ်နေရေးများ ကျပ်တည်းလာပြီး ပြည်သူများမှာ စစ်ဘေးသာမက ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်များကိုပါ ခံစားရလျက်ရှိကြောင်း သိရသည်။
သမဝါယမစနစ်ကို ပုံဖော်လာပါက လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာက ပြည်သူများ ခံစားခဲ့ရသည်ထက် အဆပေါင်းများစွာခေါင်းပုံဖြတ်မှုဒဏ်အား ပြန်လည်ခံစားကြရမည်ကို စိုးရိမ်နေကြကြောင်းပြည်သူများ၏ ပြောဆိုချက်များအရ သိရသည်။
စစ်အစိုးရလက်ထက်နှင့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရှိခဲ့သည့် သမဝါယမဝန်ကြီးဌာနကို NLD အစိုးရလက်ထက်တွင်ဖျက်သိမ်း၍ အသစ်ဖွဲ့စည်းလိုက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်တွင်သာ ဦးစီးဌာနတခုအနေဖြင့်သာ ထားရှိခဲ့သည်။
#စစ်ကောင်စီ #သမဝါယမစနစ် #ဆီ #တန်းစီဝယ်ယူခွင့် #စာအုပ် #ထုတ်ပေး
#Ayeyarwaddy_Times