ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၉ ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ စစ်ကောင်စီ၏ မောင်ရွှေလေးရေတပ်စခန်း အာရက္ခတပ်တော် (AA) ထံကျရောက်ပြီးနောက် အမ်းရှိ စစ်ကောင်စီစခန်းများထံ စစ်ရေးကူးစက်လာပြီး AA တပ်များ ရောက်ရှိ လာမည်စိုးရိမ်၍ စစ်ကောင်စီက ပတ်ဝန်းကျင်နေရာအနှံ့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ ပြု လုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၅ ရက်နေ့မှစတင်ကာ အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှနေ၍ AA တပ်များ ရှိမည်ဟု ယူဆရသည့် မဲတောင်ကြောတဝိုက်ကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ၃ ရက်ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“သံတွဲ အလံဖြူထောင်တဲ့ နေ့ကတည်းက ၃ ရက် ဆက်တိုက် အမ်းမှာ လက်နက်ကြီးသံ ပြန်ကြားရတယ်။ သူတို့ကာကင်းစခန်းတွေရှိတဲ့ မဲတောင်ကြောတဝိုက်ကို ပစ်တဲ့အတွက် လူထိခိုက်မှု မရှိဘူးလို့တော့ သိထားတယ်။ အခုရက်တော့ ပစ်သံမကြားရတော့ဘူး” ဟု အမ်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် အမ်းရှိ ကြိမ်ချောင်းနှင့် ခမောင်းတောကျေးရွာကြား မဲတောင်ကြောတစ်လျှောက် တွင် ကာကင်းစခန်း ငါး ခုကို တိုးချဲ့ထားပြီး အဆိုပါစစ်စခန်းများကို ကာကွယ်ရန်လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ အမ်း(အနောက်ပိုင်းတိုင်းစစ် ဌာနချုပ် -နပခ)အပါအဝင် တောင်ကုတ်ရှိ အမှတ် (၅) စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၅)၊ စစ်တွေဒကစ ကျောက်ဖြူရှိ ဓညဝတီရေတပ်ဌာနချုပ်တို့ကို ပိတ်ဆို့ဝိုင်းရံထားပြီးဖြစ်ကြောင်း ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့ကတည်းက AA ကထုတ်ပြန်ထားသည်။

စစ်ကောင်စီက အမ်း(နပခ)၏ ကာကင်းစခန်းဖြစ်သည့် တောဟိန်းတောင်ဗျူဟာကို ပြီးခဲ့သည့် ဇွန် ၂၃ ရက်နေ့ကတည်းက လက်လွှတ်လိုက်ရသည့်အတွက် အမ်းရှိ အချက်အခြာကျသည့်နေရာများနှင့် မဲတောင်ကြောတဝိုက်တွင် ကာကင်းစခန်းများ၊ လုံခြုံရေးစခန်းများကို တိုးချဲ့ထားကြောင်း သိရသည်။

အမ်းတွင် စစ်ကောင်စီ၏ နပခ၊ ခမရ ၃၇၁၊ ၃၇၂၊ ၃၇၃၊ ၉၄၆ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ ၃၄၅ စစ်လက်နက်ပစ္စည်းတပ်ခွဲ၊ စစ်ဖက်ရေးရာလုံခြုံ ရေးတပ်ခွဲ၊ အမှတ် ၈ အဆင့်မြင့်ဆက်သွယ်ရေးတပ် ရင်း၊ အမှတ် ၉၂၆ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ် ၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် ၇၅၇ လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် ၁၀ တပ်ထိန်းတပ်ခွဲနှင့် ခုတင် ၃၀၀ ဆံ့ စစ်ဆေးရုံတို့ တည်ရှိသည်။

#ရခိုင် #သံတွဲတိုက်ပွဲ #စစ်ကောင်စီ #အမ်း #နပခ #လက်နက်ကြီးပစ်ကူ #Ayeyarwaddy_Times