ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၉ ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်သည့် အောင်ရွှေလေး ရေတပ်ကို စစ်ကောင်စီက စစ်ကူအင်အားပြန်ပို့ကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အပြင် စစ်သင်္ဘောများမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း သိရသည်

သံတွဲရှိ နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီ၏ မောင်ရွှေ လေးရေတပ်ကို ယမန်နေ့ ဩဂုတ် ၂၈ ရက်နေ့ နံနက်ပိုင်းတွင် AAက သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီသည် ရေကြောင်းမှစစ်ကူ အင်အားများ အဆိုပါစခန်းရှိရာသို့ထပ်ပို့၍ ပြန့်ကြဲနေသည့် တပ်ဖွဲ့ဝင်များကို ပြန်လည်စုဖွဲ့ကာ AA နှင့်တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

“ဒဏ်ရာရစစ်သား ၂၀၀ နီးပါးကို စစ်တပ်က သင်္ဘော နဲ့ စစ်တွေကိုပြန်ခေါ်သွားပြီး စစ်သင်္ဘောတွေနဲ့ စစ်ကူတွေပြန်ပို့တယ်။ တိုက်ပွဲက ဆက်လက်ဖြစ်နေတဲ့ သဘောပဲ။ စစ်သင်္ဘောတွေကလည်း လက်နက် ကြီးနဲ့ တောက်လျှောက်ကာပစ်ပေးနေတာ။ အခြေအနေက ရှုပ်ထွေးနေတယ်” ဟု ရခိုင်စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

သံတွဲပင်လယ်ပြင်တွင် ရပ်တန့်ထားသည့် စစ်ကောင်စီ စစ်သင်္ဘောများမှလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ကာ လေကြောင်းပစ်ကူလည်း တောက်လျှောက်ပေးနေကြောင်း သိရသည်။

မောင်ရွှေလေးရေတပ်မှ ထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့သည်လည်း ရေတပ်အနီးရှိ ကျေးရွာများသို့ ဝင်ရောက်သွားကာ စုဖွဲ့၍ AA ကို ခုခံစစ်ဖြင့် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် မောင်ရွှေလေးရေတပ်စခန်း၍ စစ်ရေး အခြေအနေမှာ ရှုပ်ထွေးလျက်ရှိပြီး စစ်ကောင်စီက စခန်းပြန်ရရေးအတွက် ကြည်း၊ရေ၊လေ အင်အား ကုန်သုံး၍ တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

AA အနေဖြင့်လည်း ပြန့်ကြဲထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့များကို လိုက်လံရှင်းလင်းနေရပြီး ရေတပ်မှ စစ်ကူပို့သည့်တပ်ဖွဲ့များနှင့်လည်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။

ပုံစာ-ရခိုင်သို့စစ်ကူ ပို့ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ပုံဟောင်း)

#ရခိုင် #သံတွဲ #မောင်ရွှေလေး #ရေတပ် #အင်အား #စစ်ကူ #ဖြည့်တင်း #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times