
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ရက်
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်တို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်လာပြီးနောက် ဒေသခံများ ရန်ကုန်နှင့် ဧရာဝတီတိုင်းအတွင်းသို့ စစ်ဘေးရှောင်မှုများ ရှိခဲ့သည်။
ရန်ကုန်ရောက် ရခိုင်စစ်ဘေးရှောင်အများစုမှာ စစ်ကောင်စီ၏ ဧည့်စာရင်းအကြောင်းပြ စစ်ဆေးမှု များကြောင့် ရန်ကုန်တွင်နေထိုင်လုပ်ကိုင်စားသောက်ရန် ခက်ခဲလာပြီးရခိုင်ပြန်လိုသော်လည်း စစ်ကောင်စီဘက်က ကန့်သတ်မှုများ ရှိကြောင်း သိရသည်။
ရခိုင်ပြန်ရန် ကားလတ်မှတ်ဖြတ်ရာတွင် မှတ်ပုံတင်အပြင် ရပ်ကွက်ရုံးထောက်ခံစာနှင့် ရဲစခန်း ထောက်ခံစာပါပေးရကြောင်း သိရသည်။
“ဧည့်စာရင်းစစ်တာ ရခိုင်မှတ်ပုံတင် ၁၁/လည်းမြင်ရော ဖုန်းတွေပါတောင်းစစ်တယ်။ ပြီးတော့ ရပ်ကွက် ရုံးကို ခေါ်သွားပြီး AAနဲ့ပတ်သက်မှုရှိလား မေးမြန်းတာတွေလုပ်တယ်” ဟု ရန်ကုန်ရှိ ရခိုင်စစ်ရှောင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရခိုင်သို့ပြန်လည်ဝင်ရောက်ရာတွင်လည်း သံတွဲမှတ်ပုံတင်ဖြစ်ပါက ဝင်ရောက်ခွင့်မပေးဘဲ အခြား မြို့နယ်များမှ ဖြစ်ပါကလည်း ထောက်ခံစာစာရွက်စာတမ်း အစုံအလင်ပါမှ စစ်ကောင်စီက ဝင်ခွင့်ပြုကြောင်း သိရသည်။
စစ်တွေမြို့နယ်မှ စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ပုဏ္ဏားကျွန်းမြို့သိမ်း တိုက်ပွဲ ဖြစ်ကတည်းက ရန်ကုန်သို့စစ်ရှောင်လာခြင်းဖြစ်ပြီး စီးပွားရေးကျပ်တည်းလာ၍ စစ်တွေသို့ ပြန်လိုသော်လည်း စစ်ကောင်စီကန့်သတ်ထားသည့် ထောက်ခံစာများရရှိရန် ခက်ခဲနေကြောင်း သိရသည်။
“ပြန်ဖို့ရာ သံတွဲကဖြစ်နေတော့ ဒီက ထောက်ခံစာတွေရတောင် ရခိုင်ထဲဝင်ခွင့်မပေးဘူး။ သံတွဲနဲ့ မိုင် ၂၀ ပတ်ချာလည်ထဲ စစ်ရှောင်ပြီး ပြန်ဝင်ရင်ရတယ်။ ရခိုင်ထဲကထွက်သွားရင်တော့ ပြန်အဝင်မခံဘူးတဲ့။ ရေနံ့သာဂိတ်ကရော၊ ဂွဂိတ်ကရော ပိတ်ထားတယ်” ဟု သံတွဲစစ်ရှောင်တစ်ဦးက ဧရာ၀တီတိုင်းမ် ကိုပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင်လ ၁၇ရက်နေ့ကလည်း လှိုင်မြို့နယ်အတွင်းရှိ ရခိုင်လူငယ် သုံးဦးကို ဖမ်းဆီးပြီး တစ်ဦးလျှင် ငွေကျပ်လေးသိန်းခွဲစီတောင်းယူ၍ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
#ရခိုင်စစ်ဘေးရှောင် #နေရပ်ပြန် #စစ်ကောင်စီ #ကန့်သတ်မှုပြုလုပ် #Ayeyarwaddy_Times