
ဧရာဝတီတိုင်းမ်
သြဂုတ် ၂၈ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှ ချင်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များသို့ ဆန်နှင့် လျှပ်စစ်ပစ္စည်းများ သယ်ယူခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားကြောင်း ကုန်သည်များထံက သိရသည်။
အဆိုပါ သယ်ယူခွင့်ကို ယခုလ သြဂုတ် ၂၄ ရက်နေ့မှစ၍ စစ်ကောင်စီ၏ ကလေးမြို့နယ် ရှစ်မိုင် စစ်ဆေးရေးဂိတ်မှ ပိတ်ထားခြင်းဖြစ်ပြီး အချိန်မည်မျှကြာ ပိတ်ထားမည်ကို မသိရကြောင်းဆိုသည်။
“ဆန်ကို ကားတစ်စီးလုံး သယ်ယူခွင့်မရဘဲ ကန့်သတ်ထားတာက တစ်လလောက်ရှိပါပြီ။ အခုခါမှာတော့ ဆန်နဲ့ ဆိုလာပြား၊ ဘက်ထရီအိုး စတဲ့ လျှပ်စစ်ပစ္စည်းတွေ လုံးဝသယ်ယူလို့မရတော့ဘဲ ပိတ်ထားတာဖြစ်တယ်” ဟု ကုန်သည်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် စားသောက်ကုန်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနှင့် ဆေးဝါးများကိုလည်း စစ်ကောင်စီ၏ ရှစ်မိုင်စစ်ဆေးရေးဂိတ်က ငွေကြေးကောက်ယူကာ ဖြတ်သန်းခွင့်ပြုကြောင်း သိရသည်။
ထိုသို့ ဆန်နှင့် စားနပ်ရိက္ခာများ သယ်ယူခွင့် ပိတ်ပင်ကန့်သတ်ထားသည့်အတွက် ချင်းပြည်နယ်မြောက်ပိုင်း ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံမြို့နယ်တို့တွင် ဆန်နှင့် စားနပ်ရိက္ခာများ အဝင် (လုံးဝ) ရပ်တန့်သွားပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“တီးတိန်မြို့မှာတော့ ကလေးဘက်ကနေ ဆန်နဲ့ စားနပ်ရိက္ခာတွေ အဝင်မရှိတော့တာ လေးရက်လောက်ရှိပါပြီ။ လက်ရှိအချိန်တော့ ဆန်ပြတ်တာ၊ ကုန်စျေးနှုန်း စျေးမြင့်တက်သွားတာမျိုးမရှိပေမယ့် ကြာလာရင် စားနပ်ရိက္ခာတွေ ပြတ်ပြီး ကုန်စျေးနှုန်းတွေ မြင့်တက်သွားနိုင်တယ်” ဟု တီးတိန်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ချင်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များသည် မြန်မာ – အိန္ဒိယ အမှတ် ၂ နယ်စပ်ကုန်သွယ်ရေး တံတားမှ စားနပ်ရိက္ခာများကို တင်သွင်းခွင့်ရသော်လည်း အဆိုပါ တံတားကို အိန္ဒိယဘက်က ပိတ်ထားသည့်အတွက် စားနပ်ရိက္ခာများကို ကလေးမြို့နယ်မှ အဓိကဝယ်ယူစားသောက်နေရကြောင်း သိရသည်။
တီးတိန်၊ ဟားခါး၊ ဖလမ်း၊ ခိုင်ကမ်း စသည့်မြို့တို့သည် စစ်ကောင်စီ၏ ထိန်းချုပ်မူအောက်တွင် ရှိနေသေးပြီး အုပ်ချုပ်ရေးယန္တယားများလည်း လည်ပတ်နေဆဲဖြစ်သည်။
ပုံစာ – ကလေးမြို့နယ်ရှိ စစ်ဆေးရေးဂိတ်နေရာကို တွေ့ရစဥ်။
#ကလေးမြို့ #ချင်းပြည်နယ် #တင်ပို့မည့် #ဆန်နှင့်လျှပ်စစ် #စစ်ကောင်စီ #ပိတ်ပင် #Ayeyarwaddy_Times