ဧရာဝတီတိုင်းမ်
သြဂုတ် ၂၈ ရက်

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တွင် စစ်ကောင်စီက လေကြောင်းဖြင့် လက်နက်ခဲယမ်းနှင့် ရိက္ခာများ ထပ်မံဖြည့်တင်းနေကြောင်းဒေသခံများထံက သိရသညိ။

ယနေ့ သြဂုတ်လ ၂၈ ရက်၊ မနက်ပိုင်း ၈ နာရီခွဲခန့်က Y – 12 အမျိုးအစား ရဟတ်ယာဥ် တစ်စီးဖြင့် ခလရ ၂၇၄ တပ်ရင်းအနီးနားသို့ အထုတ်အပိုးများကို လေထီးဖြင့် ချပေးခြင်းဖြစ်သည်။

“လေယာဥ်သံက မနက်အစောကတည်းကနေ ကြားရတယ်။ အိမ်အပြင်ထွက်ကြည့်မှ လေယာဥ်နဲ့အထုတ်ပိုးတွေ ချပေးနေတယ်။ မိုးကလည်း ရွာတော့ ဘယ်နှစ်ထုတ်လည်းတော့ မသိဘူး။ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေဘဲဖြစ်မယ်။ သူတို့တွေက လေယာဥ်နဲ့ဘဲ ရိက္ခာတွေ၊ လက်နက်ခဲယမ်းတွေ ပို့လေ့ရှိတာ” ဟု မင်းတပ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ လေကြောင်းမှ ချပေးသည့် အထုတ်ပိုးများသည် ခလရ ၂၇၄ တပ်ရင်းအနီးနားနှင့် ထင်းရှူးတော၊ ဘုရားကုန်းပေါ်သို့ ကျရောက်သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်အားအလုံးရင်းဖြင့် လိုက်လံကောက်ယူနေကြောင်း သိရသည်။

မင်းတပ်မြို့တွင် စစ်ကောင်စီသည် မြို့ပေါ်ကလွဲပြီး မြေပြင်လမ်းကြောင်းများကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည့်အတွက် လက်နက်ခဲယမ်းနှင့် ရိက္ခာများကို ဖြည့်တင်းရာတွင် လေကြောင်းဖြင့်သာ ဖြည့်တင်းလေ့ရှိကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ကလည်း မင်းတပ်မြို့ရှိ ခလရ ၂၇၄ တပ်ရင်းကို စစ်ကောင်စီက ထောက်ပို့ရဟတ်ယာဉ်နှစ်စီးဖြင့် တပ်အင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများ လာရောက်ဖြည့်တင်းသွားကြောင်း သိရသည်။

မင်းတပ်မြို့နယ်တွင် တိုက်ပွဲမရှိသော်လည်း စစ်ကောင်စီက မကြာခဏ လေကြောင်းတိုက်ခိုက်မူနှင့် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်သည့်အတွက် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေဆဲဖြစ်သည်။

ထိုသို့ စစ်ကောင်စီက မကြာခဏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်သည့်အတွက် အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်ကြောင်း CDF(မင်းတပ်) က အသိပေးထုတ်ပြန်ထားသည်။

ထို့အပြင် မင်းတပ်မြို့ခံများသည် မြို့တွင်းတိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် ပြီးခဲ့သည့် ဇွန်လ ပထမအပတ်ကတည်းက အားလုံးနီးပါး မြို့ကိုစွန့်ခွါထွက်ပြေးခဲ့ကြပြီး မြို့တွင်းတွင် လူဦးရေ သုံးရာခန့်သာကျန်ရှိတော့ကြောင်းသိရသည်။

#မင်းတပ်မြို့ #စစ်ကောင်စီ #လေကြောင်း #လက်နက်ခဲယမ်း #ရိက္ခာ #Ayeyarwaddy_Times