ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ ရက်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်နှင့် မံစီမြို့နယ်တို့ကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့်အတွက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ် ၂၄ရက်နေ့မှ ၂၆ရက်နေ့အထိ မိုးမောက်နှင့် မံစီမြို့နယ်အတွင်းသို့ စစ်ကြောင်း နှစ်ကြောင်းခွဲ၍ စစ်ကြောင်းထိုးလာရာ KIA နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီတပ်များသည် ထိခိုက်ကျဆုံးမှုများစွာ​ဖြင့်တပ်ဆုတ်ပြန်သွားကြပြီးနောက် ဗန်းမော်ဘက်မှ တပ်များနှင့် အင်အားစုဖွဲ့ကာ ပြန်လည် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

“ဗန်းမော်တပ်ရင်းတွေကနေ အင်အားစုဖွဲ့ပြီး ပြန်တက်လာလို့ တိုက်ပွဲကပြင်းထန်နေတယ်။ ဂျက်ဖိုက်တာတွေနဲ့ပါ ဗုံးကြဲလို့ ဗန်းမော်ဘက်ကလူတွေလည်း စစ်ရှောင်နေတယ်။ ၂၆ရက်နေ့မနက်ပိုင်းမှာတော့ စစ်တပ်ဘက်က ခဏပြန်ဆုတ် လူစုပြီးပြန်တက်လာတာလို့ သိထားပါတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ယနေ့ဩဂုတ် ၂၈ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီမှ အင်အား ၄၀၀ခန့်ပါဝင် တိုက်ခိုက်နေသည့်အပြင် လေကြောင်းမှလည်း ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် KIA သိမ်းပိုက်ထားသည့် ခမရ-၄၃၇ကို ပြန်လည်ရယူရန်နှင့်မိုးမောက်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ဗန်းမော်အခြေစိုက် စကခ ၂၁ မှတပ်ဖွဲ့များနှင့်စစ်ကြောင်း ထိုးလာခြင်းဖြစ်သည်။

KIAသည် မိုးမောက်မြို့မရောက်မီ ၆မိုင်နှင့် ၇မိုင်ကြားတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

KIAသည် ပြီးခဲ့သည့် ဩဂုတ် ၂၀ရက်နေ့ကလည်း မံစီအခြေစိုက် ခမရ-၃၁၉နှင့် ခမရ-၆၀၁တို့၏ ကာကင်းစခန်းသဖွယ်ဖြစ်နေသော ကောင်ဂျာယန်စစ်စခန်းကို သိမ်းပိုက်ခဲ့၍ စစ်ကောင်စီက အဆိုပါတပ်ရင်း နှစ်ခုကိုကာကွယ်ရန် မံစီသို့လည်း စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၆ရက်နေ့ကလည်း ၆မိုင်နှင့် ၅မိုင်ကြားရှိ ကောင်ဂျာယန်အနီးတွင် စစ်ကောင်စီနှင့် KIA တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။

မိုးမောက်နှင့် မံစီတို့တွင် ၅ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေခဲ့ပြီး စစ်ကောင်စီက မြေပြင်ထိုးစစ်အပြင် လေကြောင်းပစ်ကူများပါ အသုံးပြုနေကြောင်း သိရသည်။

#မိုးမောက် #မံစီ #စစ်ကောင်စီ #စစ်ကြောင်းထိုး #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times