ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၇ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ၁၀၀ကျော်သေဆုံးပြီး အရှင် လက်ရဖမ်းဆီးရမိသူများလည်းရှိကာ တိုက်ပွဲဆက်လက် ပြင်းထန်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၄၊၂၅၊၂၆ရက် သုံးရက်အတွင်း စစ်ကောင်စီနှင့် အပေါင်းအပါ အလောင်း ၁၀၀ ကျော်ကို ကောင်းမွန်စွာ မြေမြှုပ်ပေးနိုင်ခဲ့သကဲ့သို့ သုံ့ပန်းအချို့ကိုလည်း မောင်တော မြို့တွင်း၊ မြို့ပြင်များမှ ဖမ်းဆီးရမိခဲ့ကြောင်း အာရက္ခတပ်တော် (AA) ကထုတ်ပြန်သည်။

မောင်တောတိုက်ပွဲအတွင်း စစ်ကောင်စီ နှင့် အကြမ်းဖက် မူဆလင်တပ်ဖွဲ့ဝင်များ၏ အလောင်းများ၊ သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း AA ထံက သိရသည်။

အာရက္ခတပ်တော် (AA) သည် မောင်တောမြို့သိမ်းတိုက်ပွဲအား ဆက်လက်ဆင်နွှဲလျက်ရှိသောကြောင့် မောင်တောမြို့တွင်း တိုက်ပွဲများမှာ ယနေ့ ဩဂုတ် ၂၇ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

မောင်တောမြို့၊ အမှတ် (၂) ရပ်ကွက်၊ ဖေဇီရွာ နှင့် မောင်နီရွာ အတွင်းမှ အဆင့်ဆင့် ခုခံစစ်ဆင်နွှဲနေခဲ့သော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ သင်တန်းဆင်းပြီး ၎င်းတို့လက်နက် တပ်ဆင်ပေးထားသည့် အကြမ်းဖက် မူဆလင် လက်နက်ကိုင်အဖွဲ့များအပြင် ARSA၊ RSO၊ ARA အကြမ်းဖက်တပ်ဖွဲ့ဝင်များ၏ ခံစစ်နေရာ အများစုကိ AA က တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထား ပြီးဖြစ်‌ကြောင်း သိရသည်။

“တစ်ပြိုင်နက်တည်းပင် လက်နက်ကိုင်ပြီး ထွက်ပြေးသော ရန်သူများအား လိုက်လံချေမှုန်းလျက်ရှိပြီး လက်ကျန်ခံစစ်စခန်းများကိုလည်း ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့် မောင်တော မြို့ ၏ အခြားနေရာအချို့၌လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်” ဟု AAက ဆိုသည်။

မောင်တောမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်စခန်းများ အားလုံးနီးပါးကို AAက သိမ်းယူထားပြီး ကျန်ရှိနေသည့် နခခ-၅ မြို့သူကြီး နယ်ခြားစောင့်စခန်းကို ဆက်လက်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

“နခခ ၅ က ထွက်ပြေးတဲ့ စစ်သားလည်း ရာကျော်နေပြီ။ လက်ကျန်အင်အားနဲ့ ခုခံနေတာပေါ့။ လေကြောင်းကလည်းတောက်လျောက် ဗုံးကြဲတယ်။ မောင်တောမြို့ထဲမှာ ARSA တွေနဲ့ အကြမ်းဖက် အဖွဲ့က ၁၀၀၀ နီးပါးလောက် ပြန့်ကြဲနေတာ။ အဲ့ဒါကို ကောက်သင်းကောက်သလို လိုက်ရှင်းနေ ရတယ်ပေါ့။ ပြည်သူတွေကြားခိုအောင်းနေတော့ လုပ်ရကိုင်ရ ခက်တယ်” ဟု ရခိုင်စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် တပ်စခန်းများမှ စွန့်ခွာထွက်ပြေးနေသည့် စစ်ကောင်စီနှင့်ပူးပေါင်းအဖွဲ့များသည် မောင်တော မြို့ နေရာအနှံ့ပြန်ကြဲကာ တပ်စွဲနေရာယူထားပြီး AAကို ပြန်လည်ခုခံလျက်ရှိသည့် အတွက် မောင်တောမြို့နယ်အနှံ့ တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။

#မောင်တော #စစ်ကောင်စီ #၁၀၀ကျော်သေဆုံး #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times