ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၇ ရက်

တော်လှန်ရေးတပ်ဖွဲ့များအပါအဝင် တိုင်းရင်းသားတပ်ဖွဲ့များသိမ်းထားသည့် မြို့များတွင်စစ်ကောင်စီ၏ ဗျူရိုကရေစီယန္တရားမရှိ၍ Non CDM ဝန်ထမ်းများလစာရရှိရန် အခက်အခဲဖြစ်နေကြောင်းသိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပါအဝင် အာရက္ခတပ်တော် (AA ) နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ သိမ်းဆည်းထားသည့်မြို့များရှိ စစ်ကောင်စီလက်အောက်မှ Non CDM ဝန်ထမ်းများမှာ လစာရရှိရန်ခက်ခဲလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များ သိမ်းယူထားသည့် မြို့များရှိ Non CDM ဝန်ထမ်းများ ကို လစာထုတ်ပေးခြင်းမရှိသဖြင့် ဝန်ထမ်းလစာအသုံးစရိတ်လျော့နည်းနေကြောင်း ဘဏ္ဍာရေးနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။

ထို့ပြင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား‌နေသည့် သီပေါမြို့နယ် နမ့်လန်ရွာဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများသည် ပြီးခဲ့သည့် ဇူလိုင်လမှ စတင်ကာ လစာငွေရရှိခြင်းမရှိကြောင်း သိရသည်။

” လားရှိုးမှာ တာဝန်ကျသူတွေက တောင်ကြီးမှာရုံးတက်ရတယ်။ အချို့ဌာနတွေက ရန်ကုန်ကို ခေါ်တာရှိတယ်။ ရုံးကိုသတင်းပို့သူ ရုံးတက်နေသူတွေတော့ လစာရတယ်။ နယ်မှာ ကျန်နေတဲ့သူတွေ လစာမရကြဘူး” Non CDM ဝန်ထမ်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲများကြောင့် သီပေါမြို့တွင် ဘဏ်လုပ်ငန်းများရပ်ဆိုင်းနေပြီး ဝန်ထမ်းလစာငွေများကို တောင်ကြီးမြို့တွင်သွား‌ရောက်ထုတ်ယူရမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ရှမ်းပြည်နယ်( မြောက်ပိုင်း) မြို့တော် လားရှိုးမြို့တွင်လည်း ဘဏ်လုပ်ငန်းများရပ်ဆိုင်နေသဖြင့် Non CDM ဝန်ထမ်းများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် လစာထုတ်ပေးမည် ဖြစ်ကြောင်းသိရသည်။

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများထဲမှ တချို့ဝန်ထမ်းများကို ဧရာဝတီနှင့်ရန်ကုန်တိုင်းသို့ပြောင်းရွှေ့ထားပြီး သတင်းမပို့နိုင်၍ ကျန်ရှိနေသူများမှာ လစာရရှိခြင်းမရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအထက်ပိုင်းက မြို့များဖြစ်သည့် ထီးချိုင့်၊ ပင်လည်ဘူးအပါအဝင် အင်းတော်၊ သပိတ်ကျင်း မြို့များကို ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် ပြည်သူ့ကွယ်ရေးတပ်များက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတိုက်ခိုက်နေပြီး သပိတ်ကျင်းမြို့နယ်ကိုရရှိထားပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ ဩဂုတ် ၂၆ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီသည် နေပြည်တော် အပါအဝင် ရန်ကုန်နှင့် မန္တလေးတိုင်းရှိ ဝန် ကြီးဌာန ၃၄ ခုမှ ဝန်ထမ်းများကို ဒစ်ဂျစ်တယ်ငွေကြေး ATM ကတ်များစနစ်ဖြင့် ယခုလမှစတင်ကာ လစာ ပေးမည်ဖြစ်ကြောင်းထုတ်ပြန်ထားသော်လည်း တော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက်ထားသည့် မြို့နယ်များနှင့် ငွေအလွယ်တကူထုတ်ယူ၍ မရသည့် ဒေသများတွင် ကျပ်ငွေရှားပါးနေ၍ ပိုက်ဆံထုတ်ယူရန် ရာခိုင်နှုန်းများစွာ ပေးနေရကြောင်း သိရသည်။

ပုံစာ-၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့တွေ ချီတက်နေကြသည့် Non CDM ဝန်ထမ်းများ။

#NONCDM #ဝန်ထမ်းများလစာရရန်ခက်ခဲ #မြန်မာနိုင်ငံအထက်ပိုင်း #ရှမ်းမြောက်ပိုင်း #ရခိုင်ပြည် #Ayeyarwaddy_Times