
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၇ရက်
ကချင်ပြည်နယ်၊မိုးမောက်၊ ဗန်းမော်၊ မံစီကို စစ်ကောင်စီက စစ်ကြောင်း နှစ်ကြောင်းခွဲ၍ စစ်ကြောင်း ထိုးလာရာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ကြားဖြတ်တိုက်ခိုက်သည့်အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သေဆုံးမှုများပြားကာ တပ်ဆုတ်ပြန်ပြေးနေကြကြောင်း သိရသည်။
စစ်ကောင်စီက ပြီးခဲ့သည့် ဩဂုတ် ၂၄ရက်နေ့မှစ၍ ယမန်နေ့ ဩဂုတ် ၂၆ရက်နေ့အထိ စစ်ကြောင်း ထိုးလာသည့်အတွက် ဗန်းမော်နှင့် မံစီကြား ကောင်ဂျာယန်နှင့် ဗန်းမော်နှင့် မိုးမောက်ကြားတွင် သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် KIA က သိမ်းပိုက်ထားသည့် ခမရ ၄၃၇တပ်ရင်းဘက်သို့ အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ -၂၁) အခြေစိုက်ရာ ဗန်းမော်ဘက်မှ စစ်ကြောင်းထိုးလာသည့်အတွက် KIA က ပြန်လည်၍ ကြားဖြတ်တိုက်ခိုက်ရာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
KIA နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဩဂုတ် ၁၉ရက်နေ့က မိုးမောက်ရှိ စစ်ကောင်စီ၏ မြို့စောင့်တပ်ရင်း ခမရ ၄၃၇ ကို သိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်းများအပြင် သံချပ်ကာကားများကိုပါ သိမ်းဆည်းရရှိခဲ့သည်။
ထို့အပြင် ပြီးခဲ့သည့် ဩဂုတ် ၂၀ရက်နေ့က ဗန်းမော်နှင့် မံစီ ကားလမ်းပေါ်ရှိ ကောင်ဂျာယန်တပ်စခန်းကို KIAက သိမ်းပိုက်နိုင်ခဲ့ပြီး အဆိုပါ တပ်စခန်းရှိရာသို့လည်း စစ်ကောင်စီက စစ်ကြောင်းထိုးလာခဲ့ ခြင်းဖြစ်သည်။
“ဂျက်ဖိုက်တာတွေနဲ့လည်း လာပစ်တယ်။ စစ်တပ်က ကျတာ အလောင်းတောင် မကောက်နိုင် ဘူးပြောတယ်။ မနေ့ကတော့ စစ်ကြောင်း နှစ်ကြောင်းလုံး ပြန်ဆုတ်ခွာသွားရတယ်တဲ့။ ဒီနေ့မနက်တော့ ဖုန်းအဆက်အသွယ်မရလို့ တိုက်ပွဲသတင်း မကြားရသေးပါဘူး” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီစစ်ကြောင်းများမှာ ထိခိုက်သေဆုံးမှုများသည့်အတွက် ဂျက်ဖိုက်တာများ၊ ဒရုန်းများဖြင့် လာရောက်ပစ်ခတ် စစ်ကူပေးခဲ့သော်လည်း စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်းစလုံး ထိခိုက်သေဆုံးမှု များစွာဖြင့် တပ်ဆုတ်ပြန်ပြေးရပြီး ပြန်လည် အင်အားဖြည့်တင်းမှုများရှိနေ၍ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း သိရသည်။
ပုံစာ- စစ်ကောင်စီ၏ မိုးမောက် ခမရ ၄၃၇ တပ်စခန်းကို KIAသိမ်းပိုက်ထားစဥ်
#ဗန်းမော် #မိုးမောက် #မံစီ #စစ်ကောင်စီ #စစ်ကြောင်းထိုး #KIA #တိုက်ခိုက် #တပ်ဆုတ် #Ayeyarwaddy_Times