ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၇ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် နောက်ဆုံးကျန်ရှိနေသော မောင်ရွှေလေးရေတပ်စခန်းမကျစေရန် စစ်ကောင်စီက စစ်သင်္ဘော ရှစ်စင်းဖြင့် လူအင်အားများဖြည့်တင်းကာ လက်နက်ကြီးပစ်ကူများပါ သုံးနေကြောင်း သိရသည်။

ထို့အပြင် ဂွမြို့နယ်၊ ကျိန္တလီမြို့အနီး ကျောက်ပါးစပ်ကျေးရွာအနီးတို့တွင်လည်း စစ်ကောင်စီနှင့် အာရက္ခ တပ်တော် (AA) တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း ယမန်နေ့ ဩဂုတ် ၂၆ရက်နေ့ ညပိုင်းတွင် AAက ထုတ်ပြန်သည်။

“သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ် နှင့် ဂွမြို့နယ်၊ ကျိန္တလီမြို့အနီး ကျောက်ပါးစပ်ကျေးရွာ အနီးတို့တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီက စစ်သင်္ဘော ရှစ် စီးဖြင့် ရေကြောင်းမှ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက်၊ လူအင်အား ဖြည့်တင်းနေခြင်း၊ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ် တိုက်ခိုက်နေသောကြောင့် တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိသည်” ဟု AAက ဆိုထားသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၅ရက်နေ့ကလည်း မောင်ရွှေလေးရေတပ်တွင် တိုက်ပွဲဖြစ်ပွားရာ AAက ပစ်ခတ် လိုက်သည့် လက်နက်ကြီး ကျည်ထိမှန်ပြီး စစ်ကောင်စီတပ်မှ ဗိုလ်မှူးဖြိုးမောင်မောင်ဝင်းနှင့် တပ်ကြပ်ကြီး ရဲဝင်းအပါအဝင် အများအပြား သေဆုံးကြောင်း သိရသည်။

“ဗိုလ်မှူး ဖြိုးမောင်မောင်ဝင်း အသက် (၄၁) နှစ်ရဲ့ အလောင်းကို မနေ့က သင်္ဘောနဲ့ ပြန်သယ်သွားတယ်တဲ့။ တပ်ကြပ်နဲ့ ကျန်သူတွေကိုတော့ သံတွဲမှာပဲ သင်္ဂြိုဟ်မယ့်ပုံပဲ။ စစ်တပ်က သင်္ဘောတွေလည်း ပျက်စီးကုန်တယ်ပြောတယ်” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ မောင်ရွှေလေးရေတပ်စခန်းကို AAက ရှော့တိုက်ဒုန်းများဖြင့်ပါ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ၏ စစ်သင်္ဘောအချို့ပါ ထိမှန် ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

သံတွဲမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို AA က သိမ်းပိုက်ထားပြီး နောက်ဆုံး ကျန်နေသည့် မောင်ရွှေလေးရေတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

ထို့အပြင် ဂွမြို့နယ်၊ ကျိန္တလီမြို့၌လည်း ပြီးခဲ့သည့် ဩဂုတ် ၁၁ရက်နေ့ကတည်းက တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီက ကြည်း၊ ရေ၊ လေမှနေ၍ အပြင်းအထန် ခုခံနေကြောင်း သိရသည်။

ပုံစာ- ၂၀၂၃ခုနှစ် စစ်တွေ မေယုမီးပြတိုက်အနီး စစ်ရေးပြနေသော စစ်ကောင်စီ စစ်သင်္ဘောများ

#သံတွဲ #မောင်ရွှေလေးရေတပ် #စစ်ကောင်စီ #စစ်သင်္ဘော #၈စီး #အင်အားဖြည့် #လက်နက်ကြီး #ဆက်တိုက်ပစ် #Ayeyarwaddy_Times