ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၇ရက်

ရှမ်းမြောက်၊ တအာင်းတပ်မဟာ(၂) နယ်မြေ သီပေါမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် လာရောက်ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသား နှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့‌ကြောင်း သိရသည်။

စစ်ကောင်စီသည် ယနေ့ သြဂုတ် ၂၇ရက်၊ နံနက် ၁နာရီ ၂၀မိနစ်ခန့် ပြည်သူများ အိပ်မောကျချိန်တွင် Y-12 လေယာဥ်ဖြင့်၂နာရီကျော်အထိ ဗုံးအလုံး ၅၀ ကျော် လာရောက်ကျဲချတိုက်ခိုက်ခဲ့‌ေကြာင်း တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်သည်။

ထို့အပြင် ဂျက်ဖိုက်တာဖြင့်လည်း နှစ်ကြိမ်တိုင် လာရောက်၍ ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့ရာ သီပေါမြို့၊ အုတ်ကျင်းရပ်ကွက်ရှိ အသက် (၆၀)အရွယ် ဦးဖိုးလူနှင့် အသက်(၅၀)အရွယ် ဦးအောင်နိုင်တို့ နှစ်ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ အုတ်ကျင်းရပ်ကွက်ရှိ အမက(၃) စာသင်ကျောင်း ၊ အမှတ်(၃) အထက စာသင်ကျောင်းနှင့် ပန်းတိမ်တောင်(မြောက်) ရပ်ကွက်အတွင်းသို့ ဗုံးများကျရောက်ပေါက်ကွဲခဲ့ပြီး စာသင်ကျောင်းများနှင့် နေအိမ်များ ထိမှန်ပျက်စီးခဲ့သည်။

စစ်ကောင်စီသည် ယမန်နေ့ ဩဂုတ် ၂၆ရက်နေ့ကလည်း သီပေါမြို့ နားမခေါ်ကျေးရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ်တစ်ဦး ဗုံးထိမှန်ပြီး ဆေးရုံပို့ဆောင်စဉ် သေဆုံးကြောင်း ဒေသခံများထံက သိရသည်။

သီပေါမြို့တွင် ဩဂုတ်လ ၁ ရက်နေ့မှ ယနေ့ သြဂုတ်လ ၂၇ ရက်နေ့အထိ စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၂၁ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၁၀ ဦးအပါအဝင် ၅၉ ဦးနီးပါး ထိမှန်ဒဏ်ရာရရှိခဲ့‌ကြောင်း သိရသည်။

ညီနောင် မဟာမိတ်အဖွဲ့နှင့် PDF တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇွန် ၂၅ရက်နေ့မှစတင်ပြီး “၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်း” အဖြစ် မြို့သိမ်းတိုက်ပွဲများဖော်ဆောင်ခဲ့ရာ TNLA အနေဖြင့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စသည့် မြို့နယ်များကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- TNLA
ပုံစာ- စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲမှုကြောင့် သီပေါမြို့အတွင်း ထိခိုက်ပျက်စီးမှုများ
#သီပေါ #စစ်ကောင်စီ #လေကြောင်း #ဗုံးကြဲ #ဗုံးအလုံး၅၀ကျော် #ဒေသခံ၂ဦး #သေဆုံး #Ayeyarwaddy_Times