ဧရာဝတီတိုင်းမ်
သြဂုတ် ၂၇ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီက အမျိုးသားများ ဆိုင်ကယ်လိုက်ပါစီးနင်းခြင်း ကန့်သတ်ထားပြီး ယခုအခါတွင် ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာကာ ဖမ်းဆီးခံရသူများကို ငွေကျပ် ၁၀ သိန်းအထိ ဒဏ်ကြေးဆောင်ခိုင်းကြောင်း ဒေသခံများထံက သိရသည်။

ဟားခါးမြို့တွင် ယခုနှစ် ဧပြီလအတွင်းက စစ်ကောင်စီခန့် ချင်းပြည်နယ် ဝန်ကြီးများ လိုက်ပါလာသည့် ယာဉ်တန်း တိုက်ခိုက်ခံရသည့်အတွက် ဆိုင်ကယ်တစ်စီးလျှင် အမျိုးသားနှစ်ဦး လိုက်ပါစီးနင်းခြင်းနှင့် အမျိုးသမီးနောက်တွင် အမျိုးသားများ ဆိုင်ကယ်လိုက်ပါစီးနင်းခြင်းကို ကန့်သတ်ထားခြင်းဖြစ်သည်။

ထို့သို့ အမျိုးသားများ ဆိုင်ကယ်လိုက်ပါစီးနင်းခြင်း ကန့်သတ်ခဲ့ပြီးနောက် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်တို့သည် ဟားခါးမြို့ရှိ အထက်ကရနေရာများနှင့် လူစည်ကားသည့်နေရာများတွင် လုံခြုံရေးတင်းကျပ်ကာ ဖမ်းဆီးမူများ ပြုလုပ်ခဲ့သည်။

“စစ်သားနဲ့ ရဲတွေက နာရီစင်၊ စုပေါင်းရုံးတွေ စတဲ့လူများတဲ့နေရာတွေမှာ လုံခြုံရေးတင်းကျပ်ပြီး နေ့တိုင်းဖမ်းဆီးမူတွေ ဆက်တိုက် လုပ်နေပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေကိုလည်း ငွေ ငါးသိန်းကနေ ၁၀သိန်းကျပ်ကြား ဒဏ်ကြေးဆောင်ခိုင်းထားတယ်။ ပြီးတော့ ဖုန်းတွေကိုလည်း စစ်ဆေးပြီး ငွေညှစ်တယ်။ ပေါ်တင်ကြီး ငွေတောင်းတယ်” ဟု ဟားခါးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဟားခါးမြို့တွင် ထိုသို့ ဖမ်းဆီးမူကြောင့် တစ်ပတ်လျှင် ဖမ်းဆီးခံရသူ ၁၀ဦးမှ ၂၀ ဦးကြားတွင်ရှိပြီး ၎င်းတို့ကို စစ်ကောင်စီတပ် နှင့် ရဲတပ်ဖွဲ့များက ဒဏ်ကြေး ၁၀ သိန်းကျပ်ထိ ပေးဆောင်ခိုင်းထားကြောင်း သိရသည်။

စစ်ကောင်စီက ယခုကဲ့သို့ အမျိုးသားများ ဆိုင်ကယ်လိုက်ပါစီးနင်းခြင်းကို ကန့်သတ်ထားသည့်အတွက် ဒေသခံများ၏ အရေးပေါ် ကျန်းမာရေးနှင့် လူမူရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

“အိမ်ကအဖေက ကျန်းမာရေးက သိပ်ကောင်းတာမဟုတ်ဘူး။ တစ်ခါတလေ ကျန်းမာရေးအရေးပေါ်ဆို ဆိုင်ကယ်နဲ့ ဆေးရုံ၊ ဆေးခန်းပို့ရတာမျိုးရှိတယ်။ အဲ့ဒီလိုမျိုးကျရင် အတော်လေး ဒုက္ခရောက်တာပေါ့။ ကားငှားစီးမယ်ဆိုလည်း ဟားခါးမှာ တက္ကစီမရှိဘူး။ ခြေကျင်လျောက်မယ်ဆိုတော့လည်း အဝေးကြီးဆိုတော့ အဆင်မပြေဘူး။ ပြီးတော့ အမျိုးတွေထဲမှာ သာရေနာရေးပဲဖြစ်ဖြစ်၊ လူမူရေး ကိစ္စတွေ လိုက်ပို့ပေးတဲ့ခါ အတော်လေးကို ဒုက္ခရောက်ရပါတယ်”ဟု ဟားခါးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဟားခါးမြို့သစ်ရပ်ကွက်တွင် စစ်ကောင်စီခန့် ချင်းပြည်နယ် ဝန်ကြီးများ တိုက်ခိုက်ခံရပြီးနောက် အဆိုပါရပ်ကွက်ရှိ နေအိမ်စျေးဆိုင်များအားလုံးကို ပိတ်ခိုင်းထားရာမှ ယခုအခါတွင် ပြန်လည် ဖွင့်လှစ်ရန် ခွင့်ပြုထားကြောင်း သိရသည်။

ပုံ – ဟားခါးမြို့ကို တွေ့ရစဥ်။

#ဟားခါး #စစ်ကောင်စီ #အမျိုးသားများ #ဆိုင်ကယ်လိုက်ပါစီးနင်းခြင်း #ကန့်သတ် #ဖမ်းဆီးမူများ #ပိုမိုလုပ်ဆောင် #Ayeyarwaddy_Times