
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၇ ရက်
မန္တလေးမြို့ရှိ ရှေးဟောင်းအဆောက်အဦများအပါအဝင် နန်းတွင်းမြို့ရိုးတစ်ခုလုံးကို စစ်ခေါင်းဆောင် လှည့်ပတ်ကြည့်ရှုစစ်ဆေးပြီးနောက် နန်းမြို့ရိုးပြိုကျပျက် စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၅ ရက်နေ့က မန္တလေးမြို့သို့ ရောက်ရှိနေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်သည် တိုင်းအစိုးရအဖွဲ့အစည်းအဝေးများ ပြုလုပ်ပြီးနောက် မန္တလေးနန်းတွင်း တစ်ခုလုံးနှင့် နန်းမြို့အနောက်ဘက်မြို့ရိုး၏ ခိုင်ခံ့မှုများကို လှည့်ပတ်စစ်ဆေးခဲ့သည်။
စစ်ခေါင်းဆောင်က ထိုသို့ လှည့်ပတ်စစ်ဆေးခဲ့ပြီးနောက် ယမန်နေ့ ဩဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် နန်းမြို့ရိုးတစ်နေရာရှိ အုတ်ရိုး တစ်ခန်းစာနီးပါး ပြိုကျပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက ထိုသို့ ပြိုကျပျက်စီးသည့် မြို့ရိုးနေရာတွင် သဲအိတ်များထပ်၍ ဝါးလုံးများထောက်ကာ ပိုက်အစိမ်းများဖြင့် ယာယီကာရံထားသည်ကို တွေ့ ရသည်။
စစ်ကောင်စီသည် မန္တလေးနန်းမြို့ရိုးပေါ်တွင် သဲအိတ်တင်၍ ဘန်ကာများ တည်ဆောက်ခဲ့သည့်အပြင် မြက်ခင်းများစိုက်ထားသည့် မြို့ရိုးရှေ့တွင် ရေအလွန်အကျွံဖြန်းပက်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် မြို့ရိုး၏ခိုင်ခံ့မှု လျော့ကျကာ ပြိုကျခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။
ထို့ပြင် စစ်ခေါင်းဆောင် မန္တလေးနန်းတွင်း ရောက်ရှိနေစဉ် ယခုကဲ့သို့ နန်းမြို့ရိုးပြိုကျခြင်းသည် ဗေဒင်ယတြာ ယုံကြည်သည့် စစ်ကောင်စီအတွက် နိမိတ်ပြဖြစ်ရပ်ဟုလည်း ဝေဖန်ပြောဆိုမှု များရှိသည်။
စစ်ခေါင်းဆောင်သည် နန်းမြို့ရိုးအနောက်ဘက် စည်ရှည်တံတား ပြင်ဆင်တည်ဆောက်နေမှုကိုလည်း ကြည့်ရှုစစ်ဆေးပြီး စီမံမှုများလုပ်ဆောင်သွားကြောင်း သိရသည်။
စစ်ခေါင်းဆောင် မန္တလေးသို့ အဓိကလာရောက်သည့် အကြောင်းအရင်းမှာ မန္တလေးတိုင်းအတွင်း စစ်ရေးရောက်ရှိကာ နယ်မြေအချို့ ဆုံးရှုံးနေရသည့်အပြင် နှစ်လအတွင်း အလယ်ပိုင်းတိုင်း စစ်တိုင်းမှူးသုံး ဦးအထိ ပြောင်းလဲခဲ့ရသည့် အခြေအနေကို ထိန်းသိမ်းရန် ရောက်ရှိလာခြင်း ဖြစ်ကြောင်းလည်း တပ်အသိုင်း အဝိုင်းက ပြောဆိုသည်။
စစ်ခေါင်းဆောင်က တွေ့ဆုံပွဲတွင် ပျက်စီးနေသည့် နိုင်ငံကို နဂိုမူလအတိုင်း ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်မည်ဖြစ်ပြီး ပြည်သူတိုင်း လုံခြုံရေးအတွက် တာဝန်ရှိသည်ဟုလည်း ထည့်သွင်းပြောဆို သွားသည်။
ပုံစာ-မန္တလေးနန်းမြို့ရိုးပြိုကျနေသည်ကိုတွေ့ရစဥ်
#မန္တလေး #စစ်ခေါင်းဆောင် #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #နန်းမြို့ရိုးစစ်ဆေး #နန်မြို့ရိုးပြိုကျ #Ayeyarwaddy_Times