ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၇ ရက်

ဧရာ၀တီတိုင်း ၊ဟင်္သာတမြို့နယ် ၊ မြို့ရှောင်လမ်းအနီးတွင် သြဂုတ်လ ၂၆ရက်နေ့က အမျိုးသားတစ်ဦးကို ဓါးဖြင့်ထိုးသတ်ကာ ဆိုင်ကယ်လုယူသွားကြောင်း ဒေသခံများထံမှသိရသည်။

သေဆုံးသွားသူမှာ ဟင်္သာတမြို့ ကနောင်စုရပ်ကွက်၊ ရတနာပုံ(၂)လမ်းတွင် နေထိုင်သည့် အသက်(၅၈)နှစ်အရွယ် ဦးလှိုင်ကို ဆိုသူဟု သိရပြီး ဓါးဒဏ်ရာငါးချက်ဖြင့် သေဆုံးခဲ့ကာဆိုင်ကယ်လည်း လုယူခံသွားရကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

“လုယက်မှုတွေက အတင့်ရဲလာတာ လူသတ်သွားတာမနက် ၁၀ နာရီကျော်ကြီးဖြစ်သွားတာ။ စစ်တပ်နဲ့ ရဲတွေကင်းလှည့်နေတာ တစ်ခါမှလည်း မိတာမကြားရဘူး။ မြို့မှာနေရတာ လုံခြုံမှုမရှိသလိုဖြစ်နေပြီ”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဟင်္သာတမြို့တွင် အမှတ်(၂)မြို့ရှောင်လမ်းနှင့် တက္ကသိုလ် အနီးတို့တွင် ဓါးထောက်လုယက်မှုများ ဆက်တိုက်ဖြစ်ပွားနေသော်လည်း တရားခံဖမ်းဆီးမိသည်ဟု မကြားမိသေးကြောင်းဒေသခံများကပြောသည်။

ဧရာ၀တီတိုင်းတွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့များသည် အင်အားအများအပြားဖြင့် တော်လှန်ရေးအင်အားစုများကို အဓိကထားပြီး ဖမ်းဆီးနေသောကြောင့် ခိုးဆိုးလုနှိုက်မှုများ နေ့စဉ်ဖြစ်ပွားနေပြီး ရာဇဝတ်မှုများကို ဖော်ထုတ်ဖမ်းဆီးမှု လျော့နည်းလာကြောင်း မြို့ခံများက သုံးသပ်ပြောဆိုသည်။

#ဟင်္သာတမြို့ #လူသတ် #ဆိုင်ကယ်လုယက် #Ayeyarwaddy_Times