ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၇ရက်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မြို့သိမ်း တိုက်ပွဲဆင်နွှဲလျက်ရှိရာ မြို့ကို ထိန်းချုပ်နိုင်ရန်အတွက် စစ်ကောင်စီတပ်စခန်းတစ်ခုသာ ကျန်ရှိတော့ ကြောင်း သိရသည်။

ပင်လည်ဘူးမြို့တွင် နောက်ဆုံးကျန်နေသော စစ်ကောင်စီတပ်စွဲထားရာ ရဲစခန်း ရိပ်သာကို ယမန်နေ့ ဩဂုတ် ၂၆ရက်နေ့တွင် တော်လှန်ရေးအဖွဲ့များက ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေကြောင်း သိရသည်။

“မြို့သိမ်းနိုင်ဖို့ တစ်ပွိုင့်ပဲကျန်ပါတော့တယ်။ စစ်တပ်က အပေါ်ကပဲ စစ်ကူပို့တာ လက်နက်ပို့တာ လုပ်နိုင်တော့တယ်။ မြေပြင်ကိုတော့ ဖြတ်တောက်ထားနိုင်ပြီ။ ဒီနေ့မနက် လေးနာရီခွဲကတည်းက လေယာဉ်ဝဲတယ်။ မနက် ၈နာရီလောက်မှာ Y-12နဲ့ လေကြောင်းတိုက်ခိုက်တယ်။ စစ်ကူလည်း လာပို့တယ်” ဟု ပင်လည်ဘူး ထောက်ပို့ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ် ၂၄ရက်နေ့ကလည်း ၎င်းတို့တပ်စွဲထားသည့် ရဲစခန်းရိပ်သာကို ည ၈နာရီခန့်ကစပြီး ညဉ့်နက်သည်အထိ Y-12 လေယာဉ်ဖြင့် စစ်လက်နက်ရိက္ခာနှင့် စစ်ကူများ ပို့ခဲ့ ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီက ပြီးခဲ့သည့် ဩဂုတ် ၂၂ရက်နေ့တွင် ဝန်းသို ခမရ-၁၂၀နှင့် ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းတို့မှ စစ်ကူအင်အား ၁၇၀ခန့်ကို MI-17 ရဟတ်ယာဉ်လေးစီးဖြင့် ပင်လည်ဘူးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် ပင်လည်ဘူးမြို့ရှိ စစ်ကောင်စီတပ်များကို ပြီးခဲ့သည့် ဩဂုတ် ၁၅ရက်နေ့ နံနက်ပိုင်းကစတင်၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီက ပင်လည်ဘူးမြို့မှ နောက်ဆုံးတပ်စွဲထားရာ စခန်းမကျစေရေးအတွက် လေကြောင်းမှအဓိကထားကာ တိုက်ခိုက်နေပြီး စစ်ကူနှင့်လက်နက်များကိုလည်း လေကြောင်းမှပင်ပို့ဆောင်နေကြောင်း သိရသည်။

#ပင်လည်ဘူး #စစ်ကောင်စီ #စခန်းတစ်ခုသာကျန် #တော်လှန်ရေးပူးပေါင်းတပ် #တိုက်ခိုက် #Ayeyarwaddy_Times