
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၆ ရက်
ဧရာဝတီတိုင်း၊ မြောင်းမြမြို့ရှိ ကေတီဗွီဆိုင်များမှ အမျိုးသမီးဝန်ထမ်းများကို စစ်မှုထမ်းရမည်ဆိုကာ ခြိမ်းခြောက်ပြီး ငွေးတောင်းနေကြောင်း နီးစပ်သူများထံမှ သိရသည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေအရ တစ်ဆိုင်လျှင် အမျိုးသမီနှစ်ဦး စစ်မှုထမ်းရမည်ဖြစ်ပြီး မထမ်းလိုပါက လူစားထိုးရန်အတွက် ထောက်ပံ့ စရိတ်အဖြစ် တစ်ဦးလျှင် ကျပ် ငါးသိန်းပေးရမည်ဟု စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ က တောင်းကြောင်း စားသောက်ဆိုင်များနှင့် နီးစပ်သူများထံကသိရသည်။
“ဆိုင်က မိန်းခလေးတွေ အားလုံးရဲ့ ဆက်ရှင် ကြေးတွေထဲက အချိုးကျဖြတ်ပြီး ပေးလိုက်ရတယ်။ မပေးလို့ကလည်း အလုပ်ကမဖြစ်ဘူးလေ ၊ ငွေလာယူတဲ့သူပြောတာက တပ်ထဲမှာ ဧည့်ခံပွဲတို့ ဘာတို့တွေ အတွက်လိုအပ်လာရင် ကောင်မလေးတွေကို ပို့ပေးရမယ်လို့လည်း ပြောတယ်။ စစ်မတိုက်ခိုင်းပေမယ့် သုံးလို့ရတဲ့ နေရာသုံးမယ်တဲ့” ဟု ဆိုင် မန်နေဂျာတစ်ဦး က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါအခြေအနေများကြောင့် အချို့သောကေတီဗွီစားသောက်ဆိုင်များမှ ဆက်ရှင်မယ် အချို့မှာ ဆိုင်မှနှုတ်ထွက်သွားကြသူများလည်း ရှိသည်ဟုသိရသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့ကြီးများတွင်ရှိနေသော ကေတီဗွီစားသောက်ဆိုင်များ အနေဖြင့် အဆင့်ဆင့်သော ရဲတပ်ဖွဲ့ဝင်များအပါအဝင် အဖွဲ့စုံကို လိုင်းကြေးများပေးကာ ဖွင့်လှစ် လုပ်ကိုင်ကြရသည်ဟု သိရသည်။
“လိုင်းကြေးပေးရပေမယ့် ဖမ်းချင်ရင် အကြောင်းအမျိုးမျိုးပြဖမ်းတာပါပဲ။ ဖမ်းတဲ့အခါတိုင်း လိုင်းကြေးလာယူတဲ့သူတွေပြောတာက အပေါ် ကလူကြီးကဖမ်းတာပါ။ သူတို့မသိဘူးပြောကြတယ်။ အဲ့ဒီအပေါ် ကလူကြီးဆိုတာတွေကလည်း ဆိုင်လာပြီး ဆိုကြ ၊ သောက်ကြနဲ့ မူးပြီးသောင်းကျန်းတာများ ကောင်မလေးတွေ ကို အပြင်ခေါ်ဖို့ လုပ်တာမျိုးတောင်ရှိတယ်” ဟု ပုသိမ်မြို့ရှိ နာမည်ကြီးကေတီဗွီဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့ကြီးများတွင် ကေတီဗွီ ၊ မာဆက် (အနှိပ်ခန်း)၊ နှင့် လိင်လုပ်ငန်း များရှိနေပြီး မြို့တစ်မြို့လျှင် ငါးဆိုင် မှ ဆိုင် ၂၀ ဝန်းကျင်အထိရှိတတ်ပြီး ကေတီဗွီတစ်
ဆိုင်လျှင် အမျိုးသမီး ၁၅ ဦးမှ ၃၀ကျော်အထိ ရှိတတ်ကြောင်း ဆိုင်ဝန်ထမ်းများထံက သိရသည်။
#မြောင်းမြမြို့ #ကေတီဗွီ #အမျိုးသမီးဝန်ထမ်း #စစ်မှုထမ်းရမည် #ခြိမ်းခြောက်ငွေတောင်း #Ayeyarwaddy_Times