ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၆ ရက်

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေသဖြင့် တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးကြီးနိုင်ပြီး မိုးရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း ယနေ့ ဩဂုတ် ၂၆ ရက်နေ့တွင် စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန(မိုး/ဇလ) က ထုတ်ပြန်သည်။

လာမည့်နှစ်ရက်အတွင်း ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းအပါအဝင် ရှမ်း ပြည်နယ်တို့တွင် မိုးပိုလာနိုင်ပြီး စစ်တိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိရာ ယင်းရွှေ့လျားရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခိုက် ခြင်းများဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်သည်။

ထို့ပြင်မိုးပိုနိုင်မည့်ပဲခူးတိုင်းရှိ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ် ၃၅ ပေအထက်သို့ ၁ ပေခန့် ( ၂၆ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း ၁ လက်မခန့် ကျဆင်းကာ စိုးရိမ်ရေမှတ်တွင်ဆက်လက်ရှိမည်ဖြစ်သည်။

ယခုလအတွင်း သံလွင်မြစ်ရေသည် သုံးကြိမ်မြောက် မြင့်တက်ခြင်းဖြစ်ပြီး သံလွင်မြစ်ရေသည် ဘားအံ့မြို့တွင် စိုးရိမ်ရေမှတ် ၂၄ ပေအထက် ၁ ပေခွဲခန့် ( ၃၉ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပြီး လာမည့် တစ်ရက်အတွင်း ပေဝက်ခန့်မြင့်တက်လာနိုင်၍ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက် တည်ရှိမည်ဖြစ်သောကြောင့် ဘားအံ့မြို့နှင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသိပြုရန်လိုအပ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော်မြောက်ပိုင်းတို့ တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ဆက်စပ်သော အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်ကုန်းတွင်းပိုင်းသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ယနေ့ ဩဂုတ် ၂၆ ရက်နေ့တွင် မိုး/ဇလက ထုတ်ပြန်သည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#လာမည့်နှစ်ရက်မိုးပို #ရန်ကုန် #ပဲခူး #ဧရာဝတီ #သံလွင်မြစ်ရေ #စစ်တောင်းမြစ်ရေ #မြင့်တက် #Ayeyarwaddy_Times