ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၆ ရက်

ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အ၀င်ဂိတ်တွင် သြဂုတ်လ ၂၃ရက်နေ့ ညပိုင်းက ငါးခြောက်၀ယ်ရန်ရောက်ရှိလာသော ရခိုင်စစ်ဘေးရှောင် သားအဖနှစ်ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးထားကြောင်းသိရှိရသည်။

“စစ်ဘေးရှောင်ရင် အရောင်းအ၀ယ်လေးလုပ်မလို့ ငါးခြောက်သွား၀ယ်ရင်းနဲ့ ဂိတ်မှာရခိုင် မှတ်ပုံတင်တွေ့တာနဲ့AAဆိုပြီးဖမ်းလိုက်တာ။ အခုထိမိသားစုနဲ့ တွေ့ခွင့်မရသေးဘူး”ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဖမ်းဆီးခံရသူများမှာ ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်၊ ဂျိတ္တောကျေးရွာမှ စစ်ဘေးရှောင်လာပြီး ငပုတောမြို့နယ်တွင် နေထိုင်နေသော အသက်၂၀အရွယ်မောင်ရန်လင်းနှင့် ဖခင်ဖြစ်သူအသက် ၅၀အရွယ် ဥဦးအောင်၀င်းရွှေတို့ဖြစ်ကြောင်းသိရသည်။

ဧရာ၀တီတိုင်းရှိ စစ်ကောင်စီတပ်များအနေနှင့် ရခိုင်တပ်တော်AAနှင့်တော်လှန်ရေးတပ်ဖွဲ့များ ရောက်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် ကြောက်လန့်နေကြပြီး စစ်ဆေးရေးဂိတ်များတွင် စိတ်ထင်သလိုဖမ်းဆီးမှုများ ပိုများလာကြောင်း ဒေသခံများမှပြောသည်။

ရခိုင်တပ်တော်AA၏ တိုက်ခိုက်သိမ်းပိုက်မှုကြောင့် သံတွဲနှင့် ဂွ မြို့များမှ စစ်ဘေးရှောင်များဧရာ၀တီတိုင်းအတွင်းသို့တိမ်းရှောင်မှုများလာပြီးမြို့အ၀င်ဂိတ်များနှင့် မြို့များတွင်စစ်ကောင်စီတပ်နှင့် အုပ်ချုပ်ရေးအဖွဲ့များမှ ဖမ်းဆီးငွေညှစ်ခြင်း၊ ဧည့်စာရင်းစစ်ကာငွေတောင်းခြင်းများနှင့် ကြုံတွေ့နေရကြောင်းသိရှိရသည်။

#ဟိုင်းကြီးကျွန်း #ငါးခြောက် #ရခိုင်စစ်ဘေးရှောင် #သားအဖနှစ်ဦး #စစ်ကောင်စီ #ဖမ်းဆီး #Ayeyarwaddy_Times