ဧရာဝတီတိုင်းမ်
သြဂုတ် ၂၆ ရက်

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ရှိ အကျဥ်းကျနေသည့် မြန်မာနိုင်ငံသား စစ်ဘေးရှောင်များ အမြန်ဆုံးလွှတ်ပေးရန်နှင့် စစ်ကောင်စီထံ မလွှဲပြောင်းရေးအတွက် ဒုတိယအကြိမ် အစာငတ်ဆန္ဒပြ တောင်းဆိုကြောင်း India For Myanmar တာဝန်ရှိသူထံက သိရသည်။

မဏိပူရ်ပြည်နယ်ရှိ အကျဥ်းထောင်အသီးသီးတွင် အကျဥ်းကျနေသည့် မြန်မာနိုင်သား စစ်ဘေးရှောင်များသည် ၎င်းတို့ကို အမြန်ဆုံးလွှတ်ပေးရန်နှင့် စစ်ကောင်စီထံ မလွှဲပြောင်းရေးအတွက် ယခုနှစ် ဇွန်လ ၁၆ ရက်နေ့မှ ဇူလိုင်လ ၃ ရက်နေ့ထိ ပထမအကြိမ် ငြိမ်းချမ်းစွာ အစာငတ်ဆန္ဒပြ တောင်းဆိုထားသည်။

အဆိုပါ ဆန္ဒပြတောင်းဆိုချက်များကို ထောင်အာဏပိုင်အဖွဲ့များက ဗဟိုအစိုးရထံ တင်ပြပေးသွားမည်ဟု ကတိပြုထားသည့်အတွက် အစားငတ် ဆန္ဒပြမူ ယာယီရပ်ဆိုင်းခဲ့သော်လည်း ထူးခြားမလာသည့်အတွက် ယနေ့ သြဂုတ်လ ၂၆ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံ အစားငတ်ဆန္ဒပြတောင်းဆိုခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ ပထမအကြိမ် အစာငတ်ခံ ဆန္ဒပြတောင်းဆိုခဲ့မှုတုန်းက ထောင်အာဏာပိုင်တွေက ဗဟိုအစိုးရထံ တင်ပြပေးမယ်လို့ ကတိပြုထားတယ်။ ဒါပေမယ့် ယနေ့ထိ ထူးခြားတဲ့ပြောင်းလဲ အဖြေတွေ မရသေးလို့ မြန်မာအကျဥ်းသားတွေက အမြန်ဆုံးပြန်လွှတ်ပေးဖို့ ထပ်မံ အစားငတ်ဆန္ဒပြ တောင်းဆိုတာဖြစ်တယ်” ဟု India For Myanmar တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ပြည်တွင်း၊ ပြည်ပမှ သတင်းမီဒီယာများ အနေဖြင့်လည်း အိန္ဒိယနိုင်ငံအတွင်း ဖမ်းဆီးခံ မြန်မာဒုက္ခသည်များအရေးကို နိုင်ငံတကာမှ သိရှိကူညီပေးလာနိုင်ရေး ဝိုင်းဝန်းကာ ဖမ်းဆီးခံသူများ၏ အသံအား ဖော်ထုတ်ပေးကြရန် India for Myanmar က တိုက်တွန်းထားသည်။

လက်ရှိ အစာငတ်ဆန္ဒပြ တောင်းဆိုမူတွင် အမျိုးသား ၅၂ ဦးက ဦးဆောင်ဆန္ဒပြ တောင်းဆိုခြင်းဖြစ်ပြီး မဏိပူရ်ပြည်နယ်ရှိ အကျဉ်းထောင်အသီးသီးတွင် မြန်မာနိုင်ငံသား ၁၅၉ ဦးသည် ယနေ့ထိ ဖမ်းဆီးခံထားရကြောင်း သိရသည်။

#မဏိပူရ်ပြည်နယ် #အကျဉ်းထောင် #အကျဥ်းကျ #မြန်မာဒုက္ခသည် #အမြန်ဆုံးလွှတ်ပေးရန် #ဒုတိယအကြိမ် #အစားငတ်ဆန္ဒပြ #Ayeyarwaddy_Times