
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၆ ရက်
ထိုင်းနိုင်ငံ၊ ဖူးခက်ခရိုင်တွင် ပြီးခဲ့သည့် ဩဂုတ် ၂၃ ရက်နေ့က မြေပြိုမှုကြောင့် သေဆုံးသူ ၁၃ ဦးအထိ ရှိလာပြီး ၎င်းတို့အနက် သေဆုံးသူ မြန်မာအလုပ်သမား ကိုး ဦးအထိရှိလာပြီဖြစ်ကြောင်း သိရသည်။
မြေပြိုမှုဖြစ်စဉ်ဖြစ်ပွား ပြီးနောက် ပထမဦးစွာ သေဆုံးသူ ရုပ်အလောင်း ၁၀ လောင်းကို ရှာဖွေတွေ့ရှိပြီးနောက် ဩဂုတ် ၂၄ ရက်နေ့ နေ့လယ်ပိုင်းက ရွှံ့နွံများကြားတွင် ပျောက်ဆုံးနေသူ သုံး ဦး၏ ရုပ်အလောင်းများကို ထပ်မံရှာ ဖွေတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။
မြေပြိုမှုကြောင့် သေဆုံးသူ စုစုပေါင်း ၁၃ ဦး တွင် မြန်မာအလုပ်သမား ကိုးဦးမှာ အမျိုးသမီးလေးဦးနှင့် အမျိုးသားငါးဦးတို့ဖြစ်ပြီး ကျန်သူများမှာ ရုရှားစုံတွဲ နှင့် ထိုင်းအမျိုးသမီး နှစ်ဦး တို့ဖြစ်ကြောင်း သိရသည်။
မြေပြိုမှုသည် ဖူးခက် Maung ခရိုင်ရှိ ခရိုင်ခွဲ သုံး ခုဖြစ်သည့် ချောင်ချောင်း၊ ကရွန်နှင့် ရာဝိုင် တို့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရွာ ကိုးရွာရှိ မိသားစု ၂၀၉ စုကို ထိခိုက်ခဲ့ကြောင်း သိရသည်။
သေဆုံးသူများအပြင် ဒဏ်ရာရရှိသူ ၁၉ ဦးရှိခဲ့ပြီး ၎င်းတို့အနက် သုံးဦးမှာ ယမန်နေ့ တနင်္ဂနွေနေ့အထိ ဆေးရုံတက်နေရဆဲဖြစ် ကြောင်း သိရသည်။
ယခုအခါ တာဝန်ရှိသူများက ဒုက္ခသည်များအတွက် အစားအသောက်၊ သောက်ရေ၊ အဝတ်အထည်နှင့် အလှူငွေများ စသည့်လှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီး ထိုင်းဘုရင်မှလည်း သဘာဝဘေးသင့်ဒေသများတွင် တာဝန်ကျနေသော ၀န်ထမ်းများနှင့် ဒုက္ခသည်များအတွက် အစားအသောက်များပြင်ဆင်ထားရန် ပြောကြားထားကြောင်း သိရသည်။
တောင်ပိုင်း ခရီးသွားဒေသဖြစ်သည့် ဖူးခက်ခရိုင်တွင် ပြီးခဲ့သည့် ဩဂုတ် ၂၂ ရက်ညမှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ၂၃ ရက်နေ့ နံနက်အစောပိုင်းမှစတင်ကာ အပန်းဖြေဟိုတယ်၊ အိမ်များနှင့် အလုပ်သမားများနေထိုင်ရာ နေရာများတွင် မြေပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကိုးကား – Bangkok Post
#ဖူးခတ် #မြေပြို #မြန်မာသေဆုံး #၉ဦးရှိလာ #Ayeyarwaddy_Times