
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၆ ရက်
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းပြည်မငြိမ်သက်နှင့် ပုန်ကန်မှု များဖြစ်ပေါ်နေရခြင်းမှာ မဲမသမာမှုကြောင့်ဖြစ်ပြီး တိုင်းပြည်ကို နဂိုမူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်မည်ဟု ပြောကြားသည်။
ယမန်နေ့ ဩဂုတ် ၂၅ ရက်နေ့က မန္တလေးမြို့၊ မြို့ တော်ခန်းမ၌ ကျင်းပသည့် တိုင်းအစိုးရအဖွဲ့နှင့် တွေ့ဆုံပွဲတွင် စစ်ခေါင်းဆောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
စစ်ခေါင်းဆောင်က တိုက်ပွဲများနေရာအနှံ့ဖြစ်ပွား၍ တိုင်းပြည်မငြိမ်မသက်ဖြစ်နေရခြင်းမှာ ၎င်းတို့နှင့် သက်ဆိုင်ခြင်းမရှိဘဲ မဲမသမာမှုကြောင့်ဟု ပြောဆိုခဲ့သည်။
“လုံခြုံရေးထိခိုက်မှုဖြစ်စဉ်များသည် နိုင်ငံရေးကိုအခြေခံ၍ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး မဲမသမာမှုကြောင့် အရေးပေါ်အခြေအနေဖြစ်ပေါ်ခြင်းကို နိုင်ငံ ရေးနည်းလမ်းအရ ဖြေရှင်းခြင်းမပြုလုပ်ဘဲ လက်နက်ကိုင် အကြမ်းဖက်သည့် နည်းလမ်းဖြင့်ဖြေရှင်းရန် လုပ်ဆောင်လာခြင်းများကြောင့် ဖြစ်သည်”ဟု စစ်ခေါင်းဆောင်က ပြောသည်။
စစ်ရှုံးကာ နေရာအနှံ့ တပ်သားလို အပ်ချက်များနေ၍ ပြည်သူ့စစ်စုဆောင်းခြင်း၊ ပြည်သူ့စစ်မှု ထမ်းဥပဒေဖြင့် အဓမ္မတပ်သားသစ်ခေါ်ယူခြင်းတို့ကို ပြုလုပ်နေရသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လုံခြုံရေးနှင့် ပတ်သက်၍ ဒေသအလိုက် လူတစ်ဦးတစ်ယောက် ချင်းစီမှ လုံခြုံရေးအသိစိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြရမည်ဟု ပြောဆိုခဲ့သည်။
ထို့ပြင် စစ်ခေါင်းဆောင်က ပြည်သူ့လုံခြုံရေးဟု ခေါင်းစဉ်တပ်ကာ တိုင်းပြည်ရှိ ပြည်သူအားလုံးကို ရပ်ကွက်အလိုက်၊ လမ်းအလိုက်၊ ကျေးရွာအလိုက် လုံခြုံရေးအသိရှိရမည်ဖြစ်ပြီး လုံခြုံရေးစနစ်များ တည်ဆောက်၍ ဆောင်ရွက်ရမည်ဟုလည်း ပြောဆိုခဲ့သည်။
အဓမ္မအာဏာသိမ်းယူခြင်းကြောင့် ငြိမ်းချမ်းစွာဆန္ဒပြနေခဲ့သည့် ပြည်သူရာချီကို စစ်ကောင်စီတပ်က လက်နက်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သော်လည်း ယခုဖြစ်ပေါ်နေသည့် လက်နက် ကိုင်လမ်းစဉ်သည် အကြမ်းဖက်သည့်နည်းလမ်းဖြင့် လုပ်ဆောင်နေခြင်းဖြစ်ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။
ထို့အပြင် ပြည်သူရွေးချယ်တင်မြှောက်ထားသည့် အရပ်သားအစိုးရလက်ထဲမှ အာဏာသိမ်း လုယူခဲ့ သည့် စစ်ခေါင်းဆောင်ကတပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်ဟုလည်း ပြောဆိုခဲ့သည်။
စစ်ခေါင်းဆောင်သည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြဌာန်း၍ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိသူများကို စစ်မှုထမ်းရန် အဓမ္မခေါ်ယူပြီးနောက် ယခုအခါတွင်လည်း တိုင်းပြည်လုံခြုံရေး အတွက် ပြည်သူတိုင်းတာဝန်ရှိသည်ဟုဆိုကာ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ် မှုအဖွဲ့ကို ထပ်မံ ဖွဲ့စည်း၍ အသက် ၃၅ နှစ်မှ ၆၅ နှစ်ကြားရှိသူများကို လက်နက်များတပ်ဆင်ပေး၍ စစ်မှုထမ်းရန် လုပ်ဆောင်လာသည်။
ယင်းကိစ္စရပ်နှင့် ပတ်သက်၍လည်း စစ်ခေါင်းဆောင်က ပြည်သူပါဝင်သည့် ပြည်သူ့လုံခြုံရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရမည်ဟု ထည့်သွင်း ပြောဆိုသည်။
လက်ရှိတွင် မြို့ကြီးအချို့မှလွဲ၍ နိုင်ငံအနှံ့ တိုက်ပွဲများဖြစ်ပွားကာ နယ်မြေများဆုံရှုံးပြီး တပ်ဖွဲ့စည်းပုံ ပျက်နေသော စစ်ကောင်စီသည် ပြည်သူများကို တပ်သားသစ်စုဆောင်းခြင်းနှင့် အတင်းအကြပ် စစ်မှုထမ်းဆောင်ခိုင်းခြင်းများပြုလုပ်နေရသည့်တိုင် စစ်ခေါင်းဆောင်က နိုင်ငံကိုမူလအခြေအနေ အတိုင်း ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်မည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။
ပုံစာ-ဩဂုတ် ၂၅ ရက်နေ့က မန္တလေးမြို့၊ မြို့ တော်ခန်းမ၌ ကျင်းပသည့် တိုင်းအစိုးရအဖွဲ့နှင့် တွေ့ဆုံပွဲတွင် တွေ့ရသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
#တိုင်းပြည် #မူလအခြေအနေ #လုပ်ဆောင်မည် #စစ်ခေါင်းဆောင်ပြော #Ayeyarwaddy_Times