
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၆ ရက်
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကို တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့က အပြီးသတ်သိမ်းပိုက်ရရှိပြီဖြစ် ကြောင်း အမှတ် (၁) စစ်ဒေသကထုတ်ပြန်သည်။
သပိတ်ကျင်းမြို့နယ် တွင် ကျန်ရှိနေသည့် စစ်ကောင်စီ၏ သနတ ၁၊ စခတ ၂၊ တတက ၁၃၊ ရဲ ပျူစောထီးစသည့် အင်အား ၁၃၀ ခန့်ကို ယမန်နေ့ ဩဂုတ် ၂၅ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန် ရေးပူးပေါင်းအဖွဲ့က အပြီးသတ်တိုက်ခိုက်နိုင်ခဲ့ပြီး သပိတ်ကျင်းမြို့ကို သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့ကို ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက် နေ့က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ် ၁၉ ရက်နေ့တွင် မြို့ကိုသိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့ဦးတောင်စေတီသို့ ဆုတ်ခွာသွားသဖြင့် လိုက်လံတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ဒုဗိုလ်မှူးကြီး စိုးမင်းသူ(ကြည်း ၅၃၄၅၄၂)ကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်မျိုးစုံ ၆၈ လက်၊ ကျည်မျိုးစုံ ၁၈၆၆၉ တောင့်၊ ဗုံးသီးမျိုးစုံ ၄၂ လုံး၊ RPG ၃၆ လုံး၊ Jammer ၃ လုံး၊ ဆက်သွယ်ရေးစက်နှင့် အခြားစက်ပစ္စည်းများကို တော်လှန်ရေးပူးပေါင်းအဖွဲ့များမှ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း လေကြောင်းမှ ဂျက်လေယာဉ်ဖြင့် ဗုံး ၇၀ ကျော်၊ Y 12 လေယာဉ်ဖြင့် ဗုံး ၁၅၀ ကျော်ကြဲချတိုက်ခိုက်ခဲ့ပြီး MI-35 နှစ်စီးဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။
အဆိုပါ မြို့သိမ်းတိုက်ပွဲကို ပြင်ဦးလွင်ခရိုင်ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ပြင်ဦးလွင်ခရိုင် တပ်ရင်း ၁၊ ၂၊ အမှတ် ၅၀၉၊ ၅၁၀၊ ၅၁၂၊ မန္တလေးခရိုင်တပ်ရင်း ၅၊ မန္တဆလးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် ၁ ရွှေဘိုခရိုင်ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် W 89 တပ်ဖွဲ့၊ ကန့်ဘလူခရိုင် ပကဖ AA Gun တပ်ဖွဲ့၊ သပိတ်ကျင်းမြို့ နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် လေး ဦး ကျဆုံးခဲ့ကြောင်း အမှတ် (၁) စစ်ဒေသ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ- အမှတ် ၁ စစ်ဒေသ
#မန္တလေး #သပိတ်ကျင်း #တော်လှန်ရေးအဖွဲ့ #အပြီးသတ်သိမ်းပိုက် #စစ်ကောင်စီ #ဒုဗိုလ်မှူး #တစ်ဦးဖမ်းမိ #Ayeyarwaddy_Times