နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၆ ရက်

ရှမ်းမြောက် “၁၀၂၇” စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် မန္တလေးတိုင်းအတွင်း စစ်ရေးအရှိန် မြှင့်တင်လာချိန်တွင် စစ်ခေါင်းဆောင်က ယင်းဒေသသို့ သွားရောက်၍ တန်ပြခုခံနိုင်ရေးအတွက် လုံခြုံရေးတိုးမြှင့် ဖွဲ့စည်းခိုင်းခဲ့ကြောင်း သိရသည်။

စစ်ခေါင်းဆောင်သည် ယမန်နေ့ ဩဂုတ် ၂၅ ရက်က မန္တလေးတိုင်းသို့ သွားရောက်ခဲ့ပြီး Non CDM များနှင့်တွေ့ဆုံကာ လုံခြုံရေးပိုင်းဆိုင်ရာ ထိခိုက်နေသဖြင့် ရပ်/ကျေးနှင့် လမ်းများအလိုက်လုံခြုံရေးစန စ်များ တည်ဆောက်သွားရန် ပြောဆိုခဲ့ကြောင်း သိရသည်။

လုံခြုံရေးပိုင်းဆိုင်ရာများသည် နည်းလမ်းမျိုးစုံဖြင့် ထိခိုက်နေသောကြောင့် တရားဥပဒေ စိုးမိုးရေး ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ရန်နှင့် လုံခြုံရေးထိခိုက်မှု ဖြစ်စဉ်များသည် နိုင်ငံရေးကို အခြေခံ၍ ဖြစ်ပေါ်လာသကဲ့သို့ ယင်းအား နိုင်ငံရေး နည်းလမ်းအရ မဖြေရှင်းဘဲ လက်နက်ကိုင် နည်းလမ်းဖြင့် ဖြေရှင်းသောကြောင့်ဖြစ် သည်ဟု ၎င်းကဆိုသည်။

ထို့ကြောင့် ပြည်သူပါဝင်သည့် လုံခြုံရေး စနစ်နှင့် ပတ်သက်၍ ဒေသအလိုက် လူတစ်ဦးချင်းစီမှ လုံခြုံရေးအသိ စိတ်ဓာတ်ရှိရှိဖြင့် ဆောင်ရွက်ရန် လိုအပ်သလို ရပ်/ကျေးနှင့် လမ်းများအလိုက် လုံခြုံရေးစနစ်များ လုပ်ဆောင်မည်ဆိုလျှင် နယ်မြေလုံခြုံရေးအတွက် များစွာအကျိုးရှိ ထိရောက် စေမည်ဟု စည်းရုံးပြောဆိုခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ မန္တလေးတိုင်းအတွင်းရှိ မတ္တရာ၊ သပိတ်ကျင်း၊ စဉ့်ကူး၊ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်တို့ကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက တိုက်ပွဲဖော်ဆောင်ခဲ့ပြီး မြို့နယ်အချို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ၎င်းတို့ စစ်ရှုံးနေမှုကို တန်ပြန်ထိန်းချုပ်၍ ကျန်ဒေသများအား ကာကွယ်နိုင်ရေး အတွက် နယ်စပ်ရေးရာဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ အရပ်ဘက်များ ပါဝင်လာသော အဖွဲ့ဝင် ၁၄ ဦးဖြင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ဖွဲ့စည်းလိုက် ကြောင်း ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သည်။

ယင်းအောက်တွင် တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာ အဖွဲ့များ ဖွဲ့စည်းပြီး အသက် ၃၅ နှစ်မှ ၆၅ နှစ်အထိ အမျိုးသားများ ပြည်သူ့စစ်သင်တန်း တက်ရောက်ကာ ပါဝင်ရမည်ဖြစ်ပြီး လက်ရှိဆင်နွှဲနေသည့် တိုက်ပွဲများနှင့် ကိုက်ညီသော လက်နက်၊ စစ်ပစ္စည်းများ တပ်ဆင်ပေးခြင်း၊ စားနပ်ရိက္ခာဖြည့်တင်းပေးနိုင်ရေး စသည်တို့ကိုလည်း လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

စစ်ခေါင်းဆောင် ဗိုချုပ်မှုးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဩဂုတ် ၂၄ ရက်က ပဲခူးတိုင်း၊ တောင်ငူမြို့သို့ သွားရောက်ရာတွင် စစ်ယူနီဖောင်း ဝတ်ဆင်ခဲ့သော်လည်း လက်ရှိ စစ်ရှိန်မြှင့်လာသော မန္တလေးတိုင်းအတွင်းသို့ လာရောက်၍ Non CDM ဝန်ထမ်းများနှင့် တွေ့ဆုံရာ၌ အရပ်ဝတ်ဖြင့်သာ တွေ့ဆုံခဲ့သည်။

စစ်ခေါင်းဆောင်သည် လတ်တလောတွင် စည်းရုံရေး ဆင်းသည့်အနေဖြင့် တိုက်ပွဲဖြစ်ပွားနေသော နယ်မြေများသို့ သွားရောက်၍ ရှေးဟောင်းနယ်မြေများ၊ ဘုရားရုပ်ပွားတော်များနှင့် ရှေးဟောင်း အဆောက်အဦးများ၏ အခြေအနေများကို လေ့လာကြည့်ရှုမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

#စစ်ခေါင်းဆောင် #စစ်ရေးအရှိန်မြင့် #မန္တလေးလာရောက် #တန်ပြခုခံနိုင်ရေး #လုံခြုံရေးတိုးမြှင့်ဖွဲ့စည်း #Ayeyarwaddy_Times