ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၅ရက်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နဘားလမ်းဆုံရှိ စစ်ကောင်စီ တပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်ကြောင်း သိရသည်။

အင်းတော်မြို့လမ်းဆုံဖြစ်သည့် နဘားမြို့နယ်ခွဲရှိ နဘား လမ်းဆုံ စစ်ကောင်စီ တပ်စခန်းကို ပြီးခဲ့သည့် ဩဂုတ် ၂၂ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

“နဘားလမ်းဆုံက တပ်တွေက အင်းတော်မြို့ထဲ သွားပူးပေါင်းတယ်။ နဘားမှာဆို ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ အဖွဲ့တွေကိုလည်း တိုက်ထုတ်ထားနိုင်တယ်။ အင်းတော်မြို့ထဲမှာတော့ ရှမ်းနီတပ်တွေနဲ့ စကစဘက်ကတပ်ဖွဲ့တွေကျန်သေးတယ်။ တိုက်ပွဲကတော့ ဖြစ်နေတယ်” ဟု စစ်ကိုင်း ထောက်ပို့ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကိုင်းတိုင်းမှ မြို့နယ်ခွဲအဆင့်ရှိ နဘားမြို့သည် ဧရာဝတီမြစ်အနောက်ဘက်ကမ်း မန္တလေး- မြစ်ကြီးနား မီးရထား လမ်းနှင့် ကားလမ်းပေါ်တွင်ရှိပြီး အချက်အချာကျသည့်မြို့ဖြစ်သည့်အတွက် နဘားလမ်းဆုံတပ်ကို သိမ်းယူနိုင်ခြင်းမှာ တော်လှန်ရေးအတွက် အရေးပါကြောင်း သိရသည်။

အင်းတော်မြို့နယ်ရှိ အင်းတော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် ဩဂုတ် ၁၆ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများအဆက်မပြတ်ပြုလုပ်ခဲ့သည်။

ဩဂုတ် ၁၆ရက်နေ့တွင် အင်းတော်နှင့် နဘားရှိ စစ်ကောင်စီတပ်စွဲရာ စခန်းအချို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ပြီးခဲ့သည့် ဩဂုတ် ၂၂ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့် နဘားလမ်းဆုံ စစ်တပ်ဂိတ်စခန်းတွင် တပ်မ ၇၇လက်အောက်ခံတပ်များ တပ်စွဲနေရာယူထားခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များ တစ်ပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ပင်လည်ဘူးမြို့သို့ လေကြောင်းမှနေ၍ စစ်ကူအင်အားများ ပို့ဆောင်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ပင်လည်ဘူးရှိ စစ်ကောင်စီစခန်းများသို့ ယမန်နေ့ ဩဂုတ် ၂၄ရက်နေ့ ညပိုင်းတွင် Y-12 လေယာဉ်ဖြင့် စစ်လက်နက်နှင့် ရိက္ခာများ နှစ်ကြိမ်တိုင်လာရောက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် ပင်လယ်ဘူးမြို့ကို ပြီးခဲ့သည့် ဩဂုတ် ၁၅ရက်နေ့ကတည်းက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#အင်းတော် #နဘား #စစ်ကောင်စီ #လမ်းဆုံစစ်ဆေးရေးဂိတ် #တော်လှန်ရေးတပ်ဖွဲ့ #သိမ်းပိုက် #Ayeyarwaddy_Times