ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၅ ရက်

ပြည်တွင်းရွှေဈေးနှုန်းနှင့် နိုင်ငံခြားငွေလဲနှုန်းထားများ ရုတ်တရက်မြင့်တက်ပြီးနောက်ပိုင်းတွင် ပြည်တွင်း ထုတ်ကုန်များနှင့် ပြည်ပသွင်းကုန်ပစ္စည်းများ ပြတ်လပ်လျှက်ရှိကြောင်း သိရသည်။

ပြည်တွင်းထုတ်ကုန်များသည် ကုန်ကြမ်းပစ္စည်းဈေးတက်ခြင်းကြောင့် ထုတ်လုပ်မှုရပ်တန့်နေပြီး ပြည်ပ သွင်းကုန်ပစ္စည်းများသည်လည်း အကြောင်းအရင်းအမျိုးမျိုးကြောင့် ဈေးကွက်အတွင်းနှင့် ကုန်တိုက် ကြီးများတွင် ပစ္စည်းရှားပါးပြတ်လပ်နေ ကြောင်းသိရသည်။

လက်ရှိတွင် စားသုံးဆီပြတ်လပ်မှုဖြစ်ပေါ်နေကာ စစ်ကောင်စီသတ်မှတ်ဈေးဖြင့် ရောင်းချသော စားအုန်းဆီ ရရှိရန်အတွက် ဆီထုတ်ကတ်ပြုလုပ်ရကြောင်း ရန်ကုန်မြို့ခံများထံက သိရသည်။

ပြည်တွင်းစားသောက်ကုန်လုပ်ငန်းများတွင် စားသုံးဆီဈေးမြင့်တက်မှုကြောင့် ဆီကြော်မုန့်များဈေး မြင့်တက်ပြီး လူစားသုံးမှုများသော ဆီကြော်မုန့်များထုတ်လုပ်မှုမရှိသဖြင့် မရောင်းချနိုင်ကြောင်း စားသောက်ကုန် အရောင်းပိုင်ရှင်များထံက သိရသည်။

“အခုက အချို့ ကုန်ပစ္စည်းတွေက ပစ္စည်းရတယ်။ ဈေးတက်တယ်။ အချို့စားသောက်ကုန် တွေကျတော့ ရောင်းစရာ ပစ္စည်းလည်းမထုတ်တော့လို့ ရောင်းဖို့မရှိတာတွေရှိတယ်” ဟု စားသောက် ကုန် အရောင်းပိုင်ရှင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင် နိုင်ငံခြားငွေလဲနှုန်းအပြောင်းအလဲနှင့် ကုန်ကြမ်းအခက်အခဲများကြောင့် အခြား‌သော စားသုံးကုန်ပစ္စည်းများ ကုန်ထုတ်လုပ်မှု လျော့နည်းလာကြောင်း သိရသည်။

ပြည်ပသွင်းကုန်ပစ္စည်းများတွင် စားသောက်ကုန်ပစ္စည်းများအပါအဝင် လူသုံးကုန်ပစ္စည်းများရှားပါး နေပြီး ကလေး နို့မှုန့်ပစ္စည်းများလည်း ပြတ်လပ်မှုများရှိကြောင်း သိရသည်။

“ ကလေးနို့မှုန့်ရော ကလေးစားတဲ့မုန့်တွေပစ္စည်းပြတ်နေတယ်။ နို့မှုန့်တိုက်တဲ့ကလေးဆိုတော့ similac တိုက်တာ ဈေးလည်းတက်တယ်။ ပစ္စည်းလည်းရှာမရဘူး။ အခြားနို့မှုန့် dumax နို့မှုန့်တွေပါ ပစ္စည်းပြတ်နေတယ်။ ဈေးတက်လည်း ဘယ်လိုဖြစ်ဖြစ်ဝယ်ရမှာပဲ။ ကလေးသောက်ဖို့အတွက် နှို့မှုန့်ရဖို့ အရေးကြီးတယ်” ဟု နေ့စဉ်အလုပ်လုပ်ရသူကလေးအမေတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ကုန်ပစ္စည်းအားလုံးကို လိုင်စင်ဖြင့် သွင်းခိုင်းသော်လည်း နိုင်ငံခြားငွေသုံးစွဲမှု လျော့ကျစေရန်ဟုဆိုကာ ပြည်ပသွင်းကုန်ပစ္စည်းများကို လိုင်စင်ချပေးခြင်းမရှိဘဲ ပိတ်ပင်ထား၍ ကုန်ပစ္စည်း ရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်ခြင်း ဖြစ်ကြောင်းသိရသည်။

ထို့ပြင် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများလျှော့ချနိုင်ပြီး ပြည်တွင်းစက်မှုကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးတို့အတွက် ပြည်ပမှကုန်ချောတင်သွင်းမှုများကို အခွန်နှုန်းထားမြှင့်တင်ရန် လိုအပ်ကြောင်း စစ်ကောင်စီက ထုတ်ဖော်ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ် နှစ်နှစ်အတွင်း တရားမဝင်ကုန်သွယ်မှုမှ အမှုတွဲ ၁၀၃၉၅ မှုနှင့် ကာလတန်ဖိုး ကျပ်ဘီလျံ ၂၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ၏ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီထံက သိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ကုန်ပစ္စည်းရှားပါး #ပြည်တွင်းထုတ်ကုန် #ပြည်ပသွင်းကုန် #Ayeyarwaddy_Times