ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ ဩဂုတ် ၂၄ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးကျေးရွာ အုပ်စု၊ လက်ပြကျေးရွာ ရှိ သတင်းထောက် ကိုထက်မြက်၏ နေအိမ်ကို ပြီးခဲ့သည့် ဩဂုတ် ၂၁ ရက်နေ့တွင် စစ်ကောင်စီက ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့သည့်အတွက် သတင်းထောက် နှစ် ဦး နှင့် ‌KRF တပ်ဖွဲ့ဝင် နှစ် ဦးသေဆုံးခဲ့ရကြောင်း သိရသည်။

ကိုထက်မြက်၏ နေအိမ်သို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) မှ တပ်ဖွဲ့ဝင် နှစ်ဦးဖြစ်သည့် ရဲဘော် အဝင်း နှင့် ရဲဘော် ကျင်ဝှက်တို့ လာရောက်စဉ် စစ်ကောင်စီက ပစ်ခတ်စီးနင်းကာ ရဲဘော် နှစ်ဦးအပြင် သတင်းထောက် ကိုထက်မြက်နှင့် ကိုဝင်းထွဋ် ဦးတို့ နှစ်ဦးကိုပါ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာများတွင်မူ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) တပ်ဖွဲ့ဝင် လေးဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့ပြီး သေနတ် သုံးလက် သိမ်းဆည်းရမိခဲ့သည်ဟု ရေးသားထားပြီး သတင်းထောက် နှစ်ဦးသည် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဝင်ဖြစ်သည့်အတွက် ပစ်ခတ်သတ်ဖြတ် ခြင်းဖြစ်ကြောင်း ပုံဖော်ထားသည်။

“တစ်ယောက်ကတော့ ဖမ်းမိပြီးမှ အသတ်ခံရတဲ့ပုံမျိုး အဲ့ဒီလိုဖြစ်နိုင်တယ်။ လက်ပြန်ကြိုးတုတ်ပြီး နေရာမှတင် သတ်ထားတဲ့ပုံဆိုတော့လေ” ဟု ကျိုက်ထိုအ‌ခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုဖြစ်စဥ်အရ စစ်တပ်အုပ်ချုပ်နေသည့် မြန်မာနိုင်ငံတွင် သတင်းသမားများမှာ အသက်အန္တရာယ် လုံခြုံမှုမရှိဘဲ အကာ အကွယ်မဲ့နေသည့် အခြေအနေကို မီးမောင်းထိုးပြလျက်ရှိနေပြီး ဒေသတွင်းနှင့် နိုင်ငံတကာရှိ သတင်းလွတ်လပ်ခွင့်နှင့် သတင်းသမားများကာကွယ်ရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများ၊ အစိုးရများအနေဖြင့် ဝိုင်းဝန်းကန့်ကွက် ရှုတ်ချကြပါရန်လည်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)က တိုက်တွန်းထားသည်။

ထို့ပြင် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့(CPJ) ကလည်း သတင်း ထောက်နှစ်ဦး သတ်ဖြတ်ခံရသည့် ကိစ္စကို မြန်မာအာဏာပိုင်များကို ချက်ခြင်းစုံစမ်း စစ်ဆေးမှုပြုလုပ်ပေးရန် တောင်းဆိုထားသည်။

စစ်ကောင်စီမှာ ၎င်းတို့အာဏာသိမ်းစကပင် သတင်းသမားများကိုဖမ်းဆီးရာတွင် လက်နက်နှင့်ဖ မ်းဆီးရမိသည်ဟုဝါဒဖြန့်ခြင်း၊ အကြမ်းဖက်ပုဒ်မအမျိုးမျိူးဖြင့် ဝါဒဖြန့်ခြင်းများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည့်အတွက် ယခုကဲ့သို့ လက်နက်ကိုင်တပ်ဖွဲ့ဝင်ဟုဆိုကာ သတ်ဖြတ်ခြင်းအပေါ်ကိုလည်း ကန့်ကွက်ရှုတ်ချကြောင်း လွတ်လပ်သောမြန်မာ သတင်းစာဆရာများ အစည်းအရုံး(IMJA) က ထုတ်ပြန်ထားသည်။

သတ်ဖြတ်ခံရသူများဖြစ်သည့် အလွတ်တန်းသတင်းထောက် ကိုဝင်းထွဋ်ဦးကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ထားသည့်အတွက် သတင်းထောက် ကိုထက်မြက်၏ နေအိမ်တွင် လာ‌ရောက် ရှောင်တိမ်းနေထိုင်ခြင်းဖြစ်ကြောင်းသိရသည်။

ကိုထက်မြက်မှာအာဏာသိမ်းစ အစောပိုင်းကာလ ဆန္ဒပြပွဲများအတွင်း စစ်ကောင်စီတပ်က ခြေထောက်ကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး အဆိုပါ ဒဏ်ရာဖြင့်ပင် ထောင်ကျခဲ့ သူတစ်ဦး ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ သတင်းထောက်နှစ်ဦးနှင့် KRF တပ်ဖွဲ့ဝင် နှစ်ဦး မတရားဖမ်းဆီး သတ်ဖြတ်ခံရခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်ကို စစ်ကောင်စီကအပြည့်အဝ တာဝန်ခံရမည်ဖြစ်ကြောင်း ကျိုက်ထို တော်လှန်ရေးအင်အားစု(KRF) က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီကအာဏာသိမ်းခဲ့သည့် သုံးနှစ်ကျော်ကြာကာလအတွင်း သတင်းသမား ခုနစ် ဦးမှာ စစ်ကောင်စီ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ဖမ်းဆီးခံရသူ ၁၇၇ ဦးရှိခဲ့ကြောင်းလည်း IMJA ကထုတ်ပြန်ထားသည်။

ဓာတ်ပုံ – RFA ၊ (Citizen Photo)
ပုံစာ-သတ်ဖြတ်ခံခဲ့ရသည့် ကိုဝင်းထွဋ်ဦး နှင့် ကိုထက်မြက်

#သတင်းထောက် #သတ်ဖြတ်ခံရ #စစ်ကောင်စီ #IPCM #IMJA #CPJ #Ayeyarwaddy_Times