
ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊ သြဂုတ်လ ၂၄ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်(အောက်ပိုင်း)တွင် လေးမြို့မြစ်ရေ မြင့်တက်မူကြောင့် ကျေးရွာ ၁၃ ရွာမှ ရေဘေးသင့်ပြည်သူ ၁၀၀၀ ခန့် အကူအညီများ လိုအပ်နေကြောင်း ဒေသခံများထံက သိရသည်။
ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမူကြောင့် လေးမြို့မြစ်ရေ မြင့်တက်လာကာ မြစ်ကမ်းဘေးရှိ ကျေးရွာများ ရေမြုပ်ခဲ့ပြီး ရေဘေးသင့် ပြည်သူများသည် ကုန်းမြင့်အပိုင်းသို့ ခိုလှုံနေထိုင်ခဲ့ရသည်။
ထိုသို့ ရေဘေးသင့်ခဲ့ရသည့် ဒေသခံပြည်သူများအတွက် အမိုးအကာ၊ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်အကူအညီ လိုအပ်လျက်ရှိပြီး လိုအပ်နေသည့် အကူအညီများလည်း ရရှိခြင်းမရှိသေးကြောင်း သိရသည်။
“ရေကြီးတုန်းက ဆန်တွေ၊ စားစရာတွေ ဘာမှယူလာဖို့ မရလိုက်ဘူး။ ကိုယ်လွတ်ရုံ ထွက်ပြေးရတယ်။ အခုစားစရာလည်း မရှိတော့ဘူး။ မိုးကလည်း ရွာနေသေးတယ်။ အမိုးအကာလည်း လိုအပ်နေတယ်။ ကလေးတွေ အအေးမိ၊ ဖျားနာနေတဲ့အတွက် ဆေးတွေလည်း လိုတယ်။ အခုဘာအကူညီမှမရသေးဘူး။ ကူညီတဲ့သူတွေလည်း မရှိသေးဘူး”ဟု ရေဘေးသင့်ပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ လေးမြို့မြစ်ရေ မြင့်တက်မူကြောင့် နေအိမ် ၃၀၀ ကျော် ရေနစ်မြုပ်ကာ အိမ်မွေးတိရစ္ဆာန်များ ဖြစ်သည့် နွား၊ ဝက်၊ ကြက်များသေဆုံးခဲ့သည့်အပြင် နေအိမ် ၃၀ ကျော်နှင့် စပါးစိုက်ခင်းများ လုံး၀ပျက်စီးသွားကြောင်း သိရသည်။
ပလက်ဝကောင်စီ(PC) အနေဖြင့် ကျေးရွာ ၁၃ ရွာမှ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများ ရရှိလာပါက ကူညီရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“အများအားဖြင့် အခုရေကြီးတာ လေးမြိုအောက်ပိုင်း သံထောင်နယ်တဝိုက်က ဖြစ်နိုင်ပါတယ်။ ဖုန်းလိုင်းမရှိတဲ့ နေရာဆိုတော့ ထိခိုက်ပျက်စီးမူ အခြေနေကို ပြောရတာခက်ပါတယ်။ အလှူငွေရရင် ကူညီမှာပါ” ဟု ပလက်ဝကောင်စီ ဥက္ကဌက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ပလက်ဝမြို့နှင့် အထက်ပိုင်းတွင်လည်း ကုလားတန်မြစ်ရေ မြင့်တက်မူနှင့် ချောင်းရေ မြင့်တက်မူတို့ကြောင့် ရေမြုပ်သည့် ကျေးရွာများရှိကာ ဖုန်းလိုင်းဆက်သွယ်ရေးမရရှိသည့်အတွက် စာရင်းအတိအကျကိုမူ ပြောကြားနိုင်ခြင်းမရှိသေးကြောင်း ဒေသခံများက ဆိုသည်။
ပုံစာ- ပလက်ဝမြို့နယ်တွင် လေးမြို့မြစ်ရေမြင့်တက်မူကြောင့် ရေမြုပ်ခဲ့သည့် ကျေးရွာနေအိမ်များကို သြဂုတ်လ တတိယပတ်အတွင်းက တွေ့ရစဥ်
#ပလက်ဝမြို့နယ် #လေးမြို့မြစ်ရေမြင့်တက် #ရေဘေးသင့်ပြည်သူ #၁၀၀၀ခန့် #အကူညီများလိုအပ် #Ayeyarwaddy_Times