ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၄ ရက်

နိုင်ငံတစ်ဝန်းတွင် စက်သုံးဆီကိုတန်းစီ၍ စောင့်ဆိုင်းဝယ်ယူနေရသော်လည်း စက်သုံးဆီရရှိမှု ပုံမှန်ဖြစ်‌နေပြီဖြစ်ကြောင်း ယ‌နေ့ ဩဂုတ် ၂၄ ရက်နေ့ထုတ် စစ်ကောင်စီအာဘော် မြန်မာ့အလင်း သတင်းစာ‌တွင် ဖော်ပြထားသည်။

ယခုရက်ပိုင်းအတွင်း စက်သုံးဆီဝယ်ယူရာတွင် ယာဉ်တန်းစီ၍ ဝယ်ယူမှုများလျော့နည်းကျဆင်း လာကာ ပုံမှန်ဝယ်ယူမှု အခြေ အနေသို့ပြန်လည်ရောက်ရှိခဲ့ပြီး တိုးမြှင့်ဖြန့်ဖြူးပေးရန် စီစဉ်နေကြောင်း ဖော်ပြထားသည်။

ထို့ပြင် သီလဝါဆိပ်ကမ်းရှိ Jetty များတွင် သင်္ဘောလေးစင်းရောက်ရှိနေကာ ဒီဇယ်ဆီတန် ၇၀၀၀၀ ကျော်နှင့် ဓာတ်ဆီတန် ၁၁၀၀၀ ကျော်ကို သိုလှောင်ကန်များတွင် ဖြည့်တင်းလျက်ရှိကြောင်း ဆိုထားသည်။

လက်ရှိ စက်သုံးဆီဝယ်ယူရာတွင် ယခက်ရက်များထက်တန်းစီးရမှု အချိန်လျော့နည်းသွားသော်လည်း တန်းစီစောင့်ဆိုင်းနေရဆဲပင်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ယာဉ်မောင်းများထံက သိရသည်။

“စစ်ကောင်စီက ဝါဒဖြန့်နေတာ လျှောက်ပြောနေတာ။ အပြင်မှာလာကြည့်လိုက်ဦး၊ ဆိုင်တိုင်းတန်းစီ ဝယ်နေတာပဲ။ ညလုံးပေါက်စောင့်မနေရတာဘဲရှိတာ။ လွယ်လွယ်ကူကူဝယ်လို့ရနေတာ မဟုတ်သေး ဘူး” ဟု ရန်ကုန်မြို့ခံ ကိုယ်ပိုင်ယာဉ်မောင်းတစ်ဦးက ဧရာ၀တီတိုင်းမ် ကိုပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ပြီးခဲ့သည့် ဇူလိုင်လကုန်မှစတင်ကာ စက်သုံးဆီပြတ်လပ်မှုနှင့် ကြုံတွေ့ခဲ့ရပြီး စက်သုံးဆီဝယ်ယူရာတွင် ယနေ့ထိတိုင် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း၍ ဝယ်ယူနေရဆဲ ဖြစ်သည်။

စစ်ကောင်စီက ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေအရ ဖူလုံစွာဖြန့်ဖြူးနိုင်ရန်အတွက် ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ အစီအစဉ်အတိုင်း အဆက်မပြတ်ဝင်ရောက်ရန် စီမံဆောင်ရွက်လျက်ရှိပြီး တိုင်းနှင့် ပြည်နယ်များသို့ပို့ဆောင်မည့်ဆီတင်ယာဉ်များ အချိန်မီထွက်ခွာနိုင်ရေး အတွက် ဆီဖြည့် တင်းမှုများ လုပ်ဆောင်နေကြောင်း ဆိုထားသည်။

ထိုါပြင် နေပြည်တော်ရှိ ဆိုင် ၁၀၀ ခန့်၊ ရန်ကုန်ရှိဆိုင် ၂၀၀ ခန့် နှင့် မန္တလေးတိုင်းရှိ ဆိုင် ၇၀၀ ခန့်အပါပဝင် ရှမ်းပြည်( တောင်ပိုင်း) ဆိုင် ၁၅၀ ခန့် နှင့် နိုင်ငံတစ်ဝန်းရှိ အရောင်းဆိုင် ၃၀၀၀ ကျော်ကို ဆီတင်ယာဉ် ၁၀၀၀ ကျော်ဖြင့် တိုးမြှင့်‌ပေးလျက်ရှိကြောင်း ဖော်ပြထားသည်။

ပြည်ပမှစက်သုံးဆီများ အဆက်မပြတ်ဝင်ရောက်လျက်ရှိသည်ဟု စစ်ကောင်စီက ဆိုသော်လည်း အများပြည်သူအနေဖြင့် စက်သုံးဆီဝယ်ယူရာတွင် လိုအပ်သလောက်သာဝယ်ယူရန် အရေးကြီး ကြောင်းလည်း ဖော်ပြထားသည်။

ထို့ပြင် ရန်ကုန်မြစ်ဝတွင် ပြီးခဲ့သည့် ဩဂုတ် ၂၂ ရက်နေ့က Pilot ဆီတင်သင်္ဘောခြောက်စင်း ရောက်ရှိကာ အသင့်စောင့်ဆိုင်းလျက်ရှိကြောင်းလည်း ဆိုထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#စက်သုံးဆီ #ပုံမှန်အတိုင်းရ #စစ်ကောင်စီဆို #တန်းစီစောင့်ဆိုင်းဝယ်ယူ‌ #Ayeyarwaddy_Times