ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၄ ရက်

ထိုင်းနိုင်ငံ၊ ဖူးခက်ခရိုင်တွင် ယမန်နေ့ ဩဂုတ် ၂၃ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းသည့်အတွက် မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံသား ခြောက် ဦး အပါအဝင် လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး အိမ်ခြေ ၅၀ ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။

ဖူးခက်ခရိုင်၊ ကရွန်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့်မြေပြိုမှုတွင် ဗီလာတစ်လုံးနှင့် ရွှေ့ပြောင်းအလုပ် သမားများ နေထိုင်ရာနေရာများအပါအဝင် အဆောက်အအုံအများအပြား မြေမြုပ်ခဲ့ပြီး လတ်တလော တွင် ရုရှားစုံတွဲတစ်တွဲ၊ မြန်မာနိုင်ငံသား ခြောက် ဦးနှင့် ထိုင်းနိုင်ငံသား နှစ်ဦးတို့၏ ရုပ်အလောင်း ၁၀ လောင်းကို တွေ့ရှိထားကြောင်း သိရသည်။

ထို့ပြင် ကျောက်တုံးကြီးများ နှင့် သစ်ပင်များကျိုးကျမှုကြောင့် နေအိမ် ၅၀ ခန့် ပျက်စီးခဲ့ပြီး လူတစ်ဒါဇင် ခန့် ဒဏ်ရာရရှိထားကြောင်းလည်း သိရသည်။

ကယ်ဆယ်ရေးအဖွဲ့များသည် ရွှံ့နွံများအောက်တွင် ပိတ်မိနေသူများရှိနိုင်သည်ဟု ယူဆရ‌သော နေရာလေးခုကိုလည်း ဆက်လက် ရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။

ယမန်နေ့ သောကြာနေ့ နံနက် ၁ နာရီမှ စတင်ကာ ကျွန်းဒေသအနှံ့ နေရာအများအပြားတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုများ ဖြစ်ပေါ်ခဲ့ကာ အဆိုးရွားဆုံး ထိခိုက်မှုအနေဖြင့် ချောင်းလောင်းနှင့် ကရွန် ဒေသတို့တွင်အိမ်ထောင်စု ၂၅၀ ခန့် ထိခိုက်ခဲ့ရကြောင်း သိရသည်။

ကိုးကား – Bangkok Post
#ဖူးခတ် #မြေပြို #မြန်မာလုပ်သားသေဆုံး #Ayeyarwaddy_Times