
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၄ ရက်
အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းဆန္ဒရှိသည့်အတိုင်း စိတ်ထင်ရာစိုင်း လုပ်ဆောင်နေမှုကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော အကျိုးစီးပွား များအတွက် တရုတ်အစိုးရက စိုးရိမ်လာကြောင်း သိရသည်။
အာဏာသိမ်း စစ်ကောင်စီသည် စစ်ရေးအပါအဝင် ဘက်ပေါင်းစုံ ရှုံးနိမ့်လာသည်နှင့်အမျှ တရုတ်အစိုး ရအပေါ် ဆက်ဆံမှုများတွင် မူမမှန်မှုများ ပိုမိုတွေ့လာရသလို စွပ်စွဲဆန့်ကျင်မှုနှင့် ဆန္ဒပြပွဲများကိုလည်း ပုံဖော်လုပ်လာကြောင်း သိရသည်။
စစ်ကောင်စီသည် အာဏာသိမ်း သုံးနှစ်ကျော်အတွင်း လက်အောက်ခံ စစ်တိုင်း ၁၄ ခုရှိသည့်အနက်မှ စစ်ရေးအရ အရေးပါသည့် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)ကို လက်လွှတ်ခဲ့ရပြီး စစ်တိုင်း ကိုးခုတွင်လည်း တိုက်ရိုက် စစ်မျက်နှာစာဖွင့်ခံထားမှုများကို ရင်ဆိုင်နေရကြောင်း သိရသည်။
ထို့အပြင် နေပြည်တော်တိုင်း၊ ရန်ကုန်တိုင်း၊ အနောက်တောင်တိုင်းနှင့် တြိဂံဒေသတိုင်း လေး ခုတို့မှလည်း ကျန်ရှိစစ်တိုင်းများအတွက် တပ်နုတ်၊ စစ်ကူများ လွှတ်ပေးနေရသလို နယ်မြေ၊ တပ်ဖွဲ့၊ လက်နက်ခဲယမ်း အများအပြားလည်း ဆုံးရှုံးနေရကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီ လက်လွှတ်လိုက်ရသည့် မြို့ ၇၄ မြို့ အထိရှိနေရုံသာမကဘဲ မြေပြန့်ဒေသမှ မြို့ကြီးများပါ ခြိမ်း ခြောက်ခံနေရပြီး ကျန်ကဏ္ဍ အသီးသီးဖြစ်သော လူမှုစီးပွားပြဿနာသည်လည်း မရှူမကယ်နိုင်သည့် အခြေအနေများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
စစ်ကောင်စီက ယခုကြုံတွေ့ရသော ပြဿနာသည် ပြည်ပစွက်ဖက်မှုနှင့် ဖိအားများကြောင့် မဟုတ်ဘဲ အာဏာသိမ်းမှု၏ အကျိုးဆက်အဖြစ် လူထုကိုယ်တိုင်နှင့် စစ်အာဏာရှင် ဆန့်ကျင်သူများ၏ တော်လှန်မှုကို ရင်ဆိုင်နေရခြင်းသာဖြစ်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP – Myanmar)က စာတမ်းများအရ သိရသည်။
သို့သော် ယာယီသမ္မတ၊ စစ်ကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်နှင့် စစ်ဦးစီးချုပ် (ကာချုပ်)ရာထူးတို့ ရယူထား သည့် စစ်ခေါင်း ဆောင်ကမူ ရှမ်းမြောက်စစ်ဆင်ရေးအပါအဝင် နိုင်ငံတစ်ဝန်း၌ ၎င်းတို့ စစ်ရှုံးနေမှုအပေါ် တရုတ်နှင့် ထိုင်းကို ရည်ညွှန်း၍ ပြည်ပနိုင်ငံတချို့မှ ကူညီပေးနေသည်ဟု ဩဂုတ် ၅ ရက်နေ့က လူသိရှင်ကြား တရားဝင် ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခ သက်ဆိုးရှည်ရေးနှင့် ၎င်းတို့လိုချင်သော လက္ခဏာမျိုး ရရှိစေ လိုသည့် ပြည်ပနိုင်ငံတချို့က တော်လှန်ရေး အင်အားစုများကို ငွေကြေး၊ အစားအသောက်၊ လက်နက် ခဲယမ်း မီးကျောက်၊ နည်းပညာနှင့် အုပ်ချုပ်မှု အခွင့်အလမ်းများရရှိအောင် လုပ်ဆောင်လျက်ရှိကြောင်း စစ်ခေါင်းဆောင်က စွပ်စွဲခဲ့သည်။
တရုတ်အစိုးရအနေဖြင့် စစ်ကောင်စီကို ထောက်ပံ့ကူညီမှု အများအပြား ရှိနေသလို နယ်စပ်ဒေသရှိ အဖွဲ့အစည်းများအနေဖြင့်လည်း သက်ဆိုင်ရာနယ်နိမိတ်ချင်း ထိစပ်နေသည့် နိုင်ငံများ၏ သဘောထား အပေါ်တွင် မူတည်၍ ရပ်တည်ရသောကြောင့် အားလုံးတွင် အပြန်အလှန် နားလည်မှု ရှိနေသည်ဟု လေ့လာသူများက ထောက်ပြသုံးသပ်ကြသည်။
ထို့နောက် စစ်ခေါင်းဆောင်၏ စွပ်စွဲပြောဆိုမှု၊ ၎င်းတို့တက်ရောက်ရန် ငြင်းဆန်ခဲ့သော ဟိုင်ဂင် ဆွေးနွေးပွဲ ကိစ္စရပ်အပါအဝင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တရုတ်နိုင်ငံ၏ အာရှရေးရာ အထူး ကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်းက မြန်မာနိုင်ငံသို့လာရောက်၍ ဖိအားပေးခဲ့ကြောင်း သိရသည်။
အလားတူ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ နေပြည်တော် ခရီးစဉ်တွင်လည်း စစ်ခေါင်း ဆောင်အပြင် အာဏာရှင်ဟောင်း ဦးသန်းရွှေတို့နှင့် တွေ့ဆုံခဲ့ပြီး ဝမ်ယိက နှစ်နိုင်ငံဆက်ဆံရေးကို သွေးခွဲလိုသည့်၊ တရုတ်နိုင်ငံကို အမည်ဖျက် အပုပ်ချသောမည်သည့်ပြောဆို လုပ်ဆောင်မှုမဆို ဆန့်ကျင်ကြောင်း စစ်ခေါင်းဆောင်ကို ပြောဆိုခဲ့သည်။
ယင်းအပြင် မစ္စတာဝမ်ယိက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သော (၉) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင် ရွက်မှု (LMC) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ အခြေအနေသည် စိတ်ပူပန်စရာ ဖြစ်သည့်အတွက် မြန်မာ့အရေးကိစ္စတွင် ကျော်လွန်မရသော စည်းသုံးခုကို ခိုင်မာစွာ ထိန်းသိမ်းသွားရမည်ဟု ဆိုသည်။
တရုတ်အစိုးရသည် စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အကြာတွင် မြန်မာနိုင်ငံသို့ ပထမဆုံး အမျိုးသမီး သံတမန်နှစ်ဦးကို စေလွှတ်ခဲ့သည်။
မြန်မာနိုင်ငံသို့ အမျိုးသမီးသံတမန်အဖြစ် စေလွှတ်ခဲ့သူနှစ်ဦးမှာ ၂၀ ဦးမြောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားနှင့် မန္တလေးမြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် မစ္စကောင်းဖျင်တို့ ဖြစ်သည်။
၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့် ကောင်စစ်ဝန်ချုပ် မစ္စတာချန်းချန်း နေရာတွင် အစားထိုးပြောင်းလဲ တာဝန်ယူမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ အာရှရေးရာ အထူး ကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်းခရီးစဉ်အပြီးတွင် ခန့်အပ်လာမှုက လက်ရှိရှမ်းမြောက် စစ်ဆင်ရေး အရှိန်မြင့်နေချိန်နှင့် တိုက်ဆိုင်လျက်ရှိသည်။
လက်ရှိတွင် ရှမ်းမြောက်ဒေသအပါအဝင် ဆက်စပ်နေသော မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၉ ခုရှိသည့်အနက် ၁ဝ ခုကို ယခုနှစ် ပြီးခဲ့သည် ဩဂုတ် ၁၈ ရက်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်များ (EAOs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDFs) တို့က အပြည့်အဝ ထိန်းချုပ်ထားကြောင်း ISP – Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအပြင် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း၊ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းနှင့် အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း/ရေကြောင်း ကုန်သွယ် ရေးစင်္ကြံသစ် (ILSTC) တို့အပါအဝင် မူဆယ်-မန္တလေး ရထားလမ်းနှင့် ကုန်သွယ်ရေး လမ်းကြောင်းများကိုလည်း EAOs များက တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားကြောင်း သိရသည်။
ထိုအခြေအနေများကြောင့် ယခုလအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် တရုတ်အစိုးရ အကြီးအကဲများက အာဏာသိမ်း စစ်ခေါင်းဆောင်အပါအဝင် စစ်ကောင်စီ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံတွင်ရှိသော တရုတ်စီမံကိန်းနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးကို လက်တွေ့ကျကျ ထိန်းသိမ်းကာကွယ်ပေးရန် အလီလီတိုက်တွန်းပြောဆိုခဲ့သည်။
စစ်ကောင်စီဘက်မူ တွေ့ဆုံဆွေးနွေးစဉ်အခါက တရုတ်နိုင်ငံ အကျိုးစီးပွားများနှင့် ပတ်သက်၍ ကာကွယ်စောင့်ရှောက်မည်ဟု ကတိကဝတ် ပေးခဲ့သော်လည်း ဝါဒဖြန့် သတင်းစာများတွင် ထုတ်ပြန် ရာ၌ အဆိုပါကိစ္စရပ်အား သတင်းချန်လှပ်ခဲ့ပြီး ယင်းတို့ဖြစ်လိုသော အကြောင်းအရာများ ကိုသာ အလေးပေး ဖော်ပြခဲ့သည်။
လက်ရှိရှမ်းမြောက် “၁၀၂၇” စစ်ဆင်ရေးအလွန်တွင် မြန်မာ-တရုတ် နယ်စပ်ဒေသရှိ ကုန်သွယ်ရေး တန်ဖိုး၏ ၉၁ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံ၌ တရုတ် အကောင်အထည် ဖော်နေခြင်းနှင့် ဖော်ဆောင်ရန် ပြင်ဆင်နေသည့် စီမံကိန်းကြီးများ၏ စုစုပေါင်းတန်ဖိုး ၅၃ ရာခိုင်နှုန်းကို EAOs က ထိန်းချုပ် ထားကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံအလယ်ပိုင်းရှိ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော တကောင်း နီကယ်စက်ရုံ၊ အယ်လ်ဖာ (Alpha) ဘိလပ်မြေစက်ရုံနှင့် ဆင်းရွှေလီ-၂ သကြားစက်ရုံ စသည်တို့ကိုလည်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေးတပ် (PDFs) များက ထိန်းချုပ်ထားကြောင်း သိရသည်။
ထို့ကြောင့် တရုတ်အစိုးရသည် စိုးရိမ်ပူပန်များရှိလာကာ ၎င်းတို့ အကျိုးစီးပွားကို ကာကွယ်ပေးရန် အတွက် စစ်ကောင်စီအပြင် EROs တို့ကို စဉ်ဆက်မပြတ် တောင်းဆိုနေသလို မြန်မာ့အရေး တရုတ်၏ ချဉ်းကပ်မှုသည်လည်း ပြောင်းလဲလာစရာမရှိဘဲ ထိပ်ပိုင်းခေါင်းဆောင်များ၏ သန္နိဋ္ဌာန် အတိုင်း ဆက်လက်လုပ်ဆောင်ဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
စစ်ခေါင်းဆောင်သည် တရုတ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးစဉ်တိုင်း တရုတ်နိုင်ငံ အကျိုးစီးပွားများနှင့် ပတ်သက်၍ ကာကွယ်စောင့်ရှောက်မည်ဟု ကတိကဝတ်များပြုလျက် ရှိသည်။
ထိုသို့ ကတိကဝတ်များပြုထားသော်လည်း အာဏာသိမ်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် နိုင်ငံတည်ငြိမ်မှုရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိသည့်အပြင် ၎င်း၏ထင်ရာစိုင်း လုပ်ဆောင်မှု ကြောင့် နိုင်ငံတစ်ဝန်းလုံးတွင် စစ်ပွဲများပိုမိုအရှိန်မြင့်လာပြီဖြစ်၍ တရုတ်အစိုးရ၏ စိုးရိမ်ပူပန်မှု မြင့်တက်လာခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများကဆိုသည်။
#စစ်ခေါင်းဆောင် #ထင်ရာစိုင်းမှု #စိုးရိမ်လာတဲ့တရုတ် #သတင်းဆောင်းပါး #Ayeyarwaddy_Times