ဧရာ၀တီတိုင်းမ်
ပုသိမ်၊ဩဂုတ် ၂၄ ရက်

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့တွင် အိမ်ခြံမြေ ငှားရမ်းရောင်းဝယ်ဈေးနှုန်းများ နှစ်ဆ မြင့်တက် လာကြောင်း ပုသိမ်မြို့ အိမ်ခြံမြေ ငှားရမ်း ရောင်းဝယ်ရေး အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူ များထံက သိရသည်။

ပုသိမ်မြို့တွင် အများစုသိကြသော စစ်ကောင်စီ၏ အိုးအိမ်ဦးစီးဌာနမှရောင်းချသည့် ဥမ္မာဒန္နီ အိမ်ရာ တိုက်ခန်းများပင်လျှင် အနိမ့်ဆုံးရောင်းဈေး ကျပ်သိန်း ၁၀၀ မှ ယခုအခါ ကျပ်သိန်း ၂၀၀ ကျော်အထိ မြင့်တက်သွားကြောင်း အိုးအိမ်ဦးစီးဌာနက သိရသည်။

ထို့အပြင် မြကျွန်းသာအိမ်ရာတိုက်ခန်း ၊ မြစိမ်းရောင်အိမ်ရာတိုက်ခန်းများ နှင့် အခြားအိမ်ရာများလည်း ငှားရမ်းဈေး နှုန်း အရောင်းဈေး နှုန်းများ နှစ်ဆမြင့် တက်လာကြောင်း သိရသည်။

“အငှားရော အရောင်းရော ဈေး နှစ်ဆတက်တယ်။ အိမ်ငှားခဆို ပြီးခဲ့တဲ့ ဇူလိုင်လ တုန်းက ကျပ် ငါးသောင်း ဆို တာ မျိုး ကနေ ကျပ်တသိန်း ဖြစ်သွားတယ်။ မြကျွန်းသာတိုက်ခန်းတွေဆို အရင်က ၃ လွှာဆို ရှစ်သောင်း ကျပ် ကနေ တက်လာတာ။ အခုဆို ကျပ်နှစ်သိန်း ကျော်နေပြီ”ဟု အိမ်နှင့်တိုက်ခန်း ငှားရမ်းသည့် ပွဲစား ဦးသိန်း က ဧရာ၀တီတိုင်းမ်ကို ပြော သည်။

ကျူးကျော်အိမ်ရာများနှင့် ပြည်တော်သာပြည်သူ့အိမ်ရာမှ ဖယ်ရှားခံရသူများ၊ ရခိုင်ပြည်နယ် နှင့် အထက်မြန်မာပြည် မန္တလေး၊ မုံရွာ၊ မေမြို့ စသည့် မြို့များမှနေ၍ စစ်ရှောင်လာသူ အများစုသည် အိမ်ငှားသူများ ဖြစ်ကြသည်ဟု အိမ်ခြံမြေ ပွဲစား များက ဆိုသည်။

မြင့်တက်လာသော ငွေကြေးဖောင်းပွ လာမှု ၊ အခြား အထွေထွေကုန်ဈေးနှုန်းများ မြင့်တက်မှုနှင့် ပုသိမ်ဒေသအတွင်းသို့ ပြောင်းရွေ့နေထိုင်သူ တိုးပွားလာခြင်းတို့ကြောင့် ပုသိမ်မြို့၏ အိမ်၊ ခြံ၊ မြေဈေးများ မြင့်တက်လာခြင်းဖြစ်ကြောင်း အိမ် ခြံမြေ ငှားရမ်း ရောင်းဝယ်ရေး အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူ ဦးရဲမောင်က ရှင်းပြသည်။

စစ်ဘေးရှောင်လာသူများသည် ပုသိမ် မြို့ပေါ်တွင် ဝယ်ယူ ငှားရမ်းနေထိုင်ရန်အတွက် စျေးကြီးမြင့်၍ မြို့၏ ဆင်ခြေဖုံးရပ်ကွက်များတွင်သာ အိမ်ငှားနေနိုင်ကြောင်း သိရသည်။

“ပုသိမ် က အိမ်တွေ တိုက်ခန်းတွေ ဝယ်ဖို့ က အရမ်းဈေးကြီးတော့ မတတ်နိုင်ဘူး။ အဲ့ဒီတော့ ဆင်ခြေဖုံးရပ်ကွက် တွေမှာအိမ်ခန်းငှားပြီး နေရတယ်” ဟု သံတွဲ မှ ပုသိမ်မြို့သို့ စစ်ရှောင်လာကာ ရခိုင်အစားအစာရောင်းချ၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အိမ်ငှားအချို့သည် စစ်ရှောင်ရန်အတွက် အိမ်ငှားရမ်းခနှင့် စပေါ်ငွေများ ပေးချေကာ ကြိုတင် ငှားရမ်းထားသူများ ရှိနေပြီး အထူးသဖြင့် ရခိုင်ပြည်နယ်ဘက်မှ စစ်ရှောင်သူအများစုက ပုသိမ်မြို့ နှင့် ငပုတော မြို့ပေါ်သို့ ပြောင်းရွေ့လာကြသူများ ရှိနေကြောင်းစစ်ကောင်စီလက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေးရုံးက သိရသည်။

ရခိုင်ပြည်နယ် နှင့် ဧရာဝတီတိုင်းနပ်စပ်ခြင်း ထိစပ်နေသော ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့တွင် အာရက္ခ တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာမှုများရှိနေပြီး ငပုတော၊ ပုသိမ်၊ သာပေါင်း၊ ငါးသိုင်းချောင်း၊ ရေကြည်၊ မြန်အောင်နှင့် ကြံခင်းမြို့နယ်တွင် စစ်ကောင်စီက လုံခြုံရေး အစီအမံများ တိုးမြှင့်ထားသည်။

#ပုသိမ် #အိမ်ခြံမြေငှားရမ်းရောင်းဝယ်ဈေးနှုန်းများ #၂ဆမြင့်တက် #Ayeyarwaddy_Times