ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၅ ရက်

 

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင်မုန်တိုင်းငယ်ဖြစ်ပေါ်နေပြီး ပိုမိုအားကောင်းကာ အနောက်အလယ်ပိုင်းအရောက်တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိနိုင်မည်ဖြစ်သော်လည်း မြန်မာနိုင်ငံသို့ ဝင်ရောက်ခြင်းမရှိကြောင်း စစ်ကော်မရှင်လက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ယနေ့ နေ့လယ်ပိုင်းထုတ်ပြန်သည်။

 

အဆိုပါမုန်တိုင်းငယ် မြန်မာနိုင်ငံမဝင်ရောက်နိုင်သဖြင့် မုန်တိုင်းသတိပေးချက် ( အဝါရောင်အဆင့်) သတ်မှတ်ထားသည်။

 

လက်ရှိဖြစ်ပေါ်မုန်တိုင်းငယ်အရှိန်ကြောင့် အောက်တိုဘာ ၂၆ ရက်နေ့တွင် တနဿ်ာရီတိုင်းအတွင်း နေရာစိပ်စိပ်နှင့် ကချင်ပြည်နယ်တွင် နေရာကျဲကျဲမိုးထစ်ချန်းရွာမည်ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

ထို့ပြင် နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ( တောင်ပိုင်း) တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်ဖြစ်သည်။

 

တနင်္သာရီတိုင်းတွင် မိုးတိမ်တောင်ဖြစ်ထွန်းမှုအားကောင်းနေသဖြင့် ယင်းရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ဖြစ်ပေါ်နိုင်သည်။

 

မြန်မာကမ်းရိုးတစ်လျှောက်တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျချိန် တစ်နာရီလျှင် ၂၅ မိုင်မှ ၃၀ မိုင်ထိတိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ ၄ ပေမှ ၆ ပေ၊ ၇ ပေမှ ၉ ပေအထိဖြစ်နိုင်ကြောင်းခန့်မှန်းထားသည်။

 

မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းအန္တရာယ်များ ဖြစ်ပေါ် နိုင်သဖြင့် မြစ်ငယ်၊ချောင်းငယ်အနီးနှင့် ကုန်းမြင့်ဒေသနေထိုင်သူများသတိထားရန်လိုအပ်ကြောင်း စစ်ကော်မရှင်အောက်ရှိ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – မိုး/ဇလ