နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၅ ရက်

ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်ပြီးနောက် လိုသလိုပုံဖော် ကိုင်တွယ်ကစားမှုများလုပ်ဆောင်နေသည့် စစ်ကော်မရှင်သည် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်အား ၎င်းတို့ ပြုလုပ်မည့် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပယ်ဖျက်ခဲ့ကြောင်း သိရသည်။

ဒေါ်သက်သက်ခိုင်သည် လာမည့် ဒီဇင်ဘာ ၂၈ ရက်မှ စတင်၍ အပိုင်းလိုက် ပြုလုပ်မည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာတင်သွင်းထားသူဖြစ်သည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ အဖြစ်မှန် သိရှိနိုင်ရန်အတွက် ဧရာဝတီတိုင်းမ် သတင်းဌာနက ဒေါ်သက်သက်ခိုင်ထံ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်းမရှိသလို PPP ပါတီ အနေဖြင့်လည်း လက်ရှိအထိ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးကြောင်း သိရသည်။

စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ကလည်း ဧရာဝတီတိုင်းမ် သတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုကို ၎င်းတို့ ဖွဲ့ထားသည့် သတင်းပြန်ကြားရေး အွန်လိုင်းဂရု ကနေသာ မေးမြန်းရန်နှင့် သီးခြားဖြေကြားရန် မရှိသေးကြောင်း တုံ့ပြန်ခဲ့သည်။

လက်ရှိထွက်ပေါ်နေသည့် သတင်းများအရ ဒေါ်သက်သက်ခိုင်သည် ရန်ကုန်တိုင်း၊ ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်းထောင့်ရှိ 68 Residence အိမ်ရာစီမံကိန်းနှင့် ပတ်သက်၍ အကြွေးတင်နေသော ငွေကျပ်ဘီလီယံ ၁၀၀ ကျော်ကို ပြန်မဆပ်နိုင်ခြင်းကြောင့် ဝင်ပြိုင်ခွင့် ပယ်ဖျက်ခံရခြင်းဖြစ်ကြောင်း သိရသည်။ သို့သော်လည်း အဆိုပါကိစ္စရပ်အပေါ် ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အဆိုပါ အခြေအနေသည် စစ်ကော်မရှင်၏ လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်း သတ်မှတ်ချက်အရ တရားဝင် လူမွဲစာရင်း ကြေညာခံထားရသူ မဟုတ်သည့်သော်လည်း ယင်းကဲ့သို့ သော အခြေအနေများကို အကြောင်းပြု၍ စစ်ကော်မရှင်က ၎င်းတို့ လိုသလို ပုံဖော်ကစားခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိသည်။

ဒေါ်သက်သက်ခိုင်သည် NLD ပါတီမှ ထုတ်ဖယ်ခံရပြီးနောက် PPP ပါတီကို ဦးစီးတည်ထောင်ကာ ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲအား ဝင်ပြိုင်ခဲ့သော်လည်း တစ်နေရာမှ အနိုင်ရရှိခြင်းမရှိသလို အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်ခန့် ဝန်ကြီးများအဖြစ် တာဝန်ထမ်းခဲ့သူလည်းဖြစ်သည်။

ထို့နောက် ယခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ဝန်ကြီးတာဝန်များမှ အနားပေးခံရပြီး စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက် ပွဲ၌ ဗဟန်း၊ ကမာရွတ်၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိုင်၊ မရမ်းကုန်းနှင့် မြောက်ဥက္ကလာပမြို့နယ်တို့အတွက် အမျိုးသားလွှတ်တော် ဝင်ပြိုင်လာခြင်းဖြစ်သည်။

အလားတူ စစ်ကော်မရှင်သည် ယခင်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈၈ အရ တားမြစ်ပိတ်ပင်ခံထားရသော ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို ၎င်းကျခံရန် ကျန်ရှိနေသော ပြစ်မှုပြစ်ဒဏ်များအား လွတ်ငြိမ်းချမ်းသာပေး၍ ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်ပေးခဲ့ကြောင်း သိရသည်။