ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၅ ရက်
ထိုင်းဘုရင့်မယ်တော် မိဖုရားကြီးသီရိခေတ် အသက် (၉၃) နှစ်အရွယ်သည် ယမန်နေ့ အောက်တိုဘာ ၂၄ ရက်၊ ည ၉ နာရီ ၂၁ မိနစ်က ချူလာလောင်ကွန်း ဆေးရုံတော်တွင် ကွယ်လွန်ခဲ့ကြောင်း ထိုင်းတော်ဝင် မိသားစုက တရားဝင် ကြေညာခဲ့သည်။
ထိုင်းနိုင်ငံနှင့် ပြည်သူ့အကျိုးကို များစွာ အထောက်အပံ့ပြုခဲ့သော မိဖုရားကြီး သီရိခေတ်၏ ဈာပန အခမ်းအနားကို တော်ဝင်အစဉ်အလာနှင့်အညီ အမြင့်ဆုံး ဂုဏ်ပြုမှုဖြင့် စီစဉ်ပြုလုပ်ပေးရန် ၎င်း၏ သားဖြစ်သူ လက်ရှိ ထိုင်းဘုရင်မင်းမြတ် (ရာမ ၁၀) က ညွှန်ကြားခဲ့သည်။
ထိုင်းဘုရင်မင်းမြတ်သည် မိခင်ဖြစ်သူမိဖုရားကြီးသီရိခေတ် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းခြင်း ကာလကို တစ်နှစ် အထိသတ်မှတ်ခဲ့ကြောင်းလည်းသိရသည်။

မိဖုရားကြီးသီရိခေတ်ကို တော်ဝင်မင်းသားချန်ဒဘူရီဆူရာနတ်နှင့် ကြင်ယာတော်တို့မှ ၁၉၃၂ ခုနှစ် ဩဂုတ် ၁၂ ရက်နေ့တွင် မွေးဖွားခဲ့ပြီး “နိုင်ငံ့မိခင်” (Mother of the Nation) အဖြစ် ထိုင်းနိုင်ငံ သားများက သတ်မှတ်ထားသည်။ မိဖုရားကြီး၏ မွေးနေ့ကို ထိုင်းနိုင်ငံ၏ “အမေများနေ့” အဖြစ် ယနေ့တိုင် သတ်မှတ်ကျင်းပလျက် ရှိသည်။
မိဖုရားကြီးသီရိခေတ်သည် ပြင်သစ်တွင် ဂီတပညာသင်ကြားနေစဉ် သူမ၏ခင်ပွန်းဖြစ်လာမည့် ဘုရင် ဘူမိဘော(ရာမ၉)နှင့် တွေ့ဆုံချစ်ကြိုက်ခဲ့ကာ လက်ထပ်ထိမ်းမြားခဲ့ပြီးနောက် ဘုရင်ဘူမိဘော နန်းတက် ချိန်မှစတင်ကာ ဘုရင်မင်းမြတ်နှင့်တန်းတူ နိုင်ငံ့တာဝန်များကိုထမ်းဆောင်ခဲ့ကြောင်း သိရသည်။
မိဖုရားကြီးသည် ထိုင်းနိုင်ငံပြည်သူများ၏ ဘဝကိုမြှင့်တင်ပေးရန်ရည်ရွယ်ကာ ကျေး လက်ဒေသများရှိ ပြည်သူများပါမကျန် ထိတွေ့ဆက်ဆံခဲ့ပြီး ရိုးရာလက်မှုပညာရှင်များကိုလည်းအားပေးခဲ့ကာ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းရန် အကူအညီများပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် မိဖုရားကြီးသီရိခေတ်သည် ထိုင်းရိုးရာပိုးထည်များကို ကမ္ဘာသိကျော်ကြားရန် နှင့် အရောင်းမြှင့် တင်ပေးနိုင်ခဲ့သည်။ မိဖုရားကြီး၏ ခေတ်မှီသည့်ထိုင်းရိုးရာပိုးထည် ဖက်ရှင်များကြောင့် အဆိုပါ ခေတ်ကာလတွင် ပိုးထည်ရက်လုပ်သည့် လက်မှုပညာ သည်များ၏ ဘဝကိုမြှင့်တင်ပေးနိုင်ခဲ့ပြီး ပိုးထည် ရက်လုပ်ခြင်းအနုပညာကိုပါ မျိုးဆက်သစ်များဆက်လက် အမွေဆက်ခံနိုင်စေရန် အထောက်အကူ ဖြစ်စေခဲ့သည်။
ယခင်ထိုင်းဘုရင်မင်းမြတ်ဘူမိဘောနှင့်မိဖုရားကြီးသီရိခေတ်တို့သည် ၁၉၆၀ ခုနှစ်ဝန်းကျင်တွင် ဥရောပနိုင်ငံများသို့ သံတမန်ခရီးသွားလာခဲ့ပြီး သူမ၏ဖက်ရှင်ဒီဇိုင်းများမှတစ်ဆင့် ထိုင်းရိုးရာ ပိုးထည်များကို ကမ္ဘာ့အဆင့်သို့မြှင့်တင်ပေးခဲ့ခြင်းဖြစ်သည်။
မိဘုရားကြီးသီရိခေတ်၏ သြဇာမှာ ထိုင်းပိုးထည်ချည်မျှင်တိုင်းတွင် သက်ရောက်မှုရှိနေပြီး ထိုင်းယဉ် ကျေးမှုအပေါ် ကမ္ဘာ့အမြင်ကို အမြော်အမြင်ရှိရှိ ပြောင်းလဲပေးခဲ့သူဖြစ် ကြောင်းလည်း The Nation သတင်းစာက ချီးကျူးဖော်ပြခဲ့သည်။
မိဖုရားကြီးသီရိခေတ်သည် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများစွာကိုလည်း ပြုလုပ်ခဲ့သူဖြစ်ပြီး ၁၉၆၀ ခုနှစ်များ နောက်ပိုင်းကာလတွင် ထိုင်း-မြန်မာနယ်စပ် ဒေသများရှိ မြန်မာနိုင်ငံသားများကိုလည်း လူမှုအကူ အညီများ ပေးအပ်ခြင်းများရှိခဲ့ကြောင်းလည်း သမိုင်းမှတ်တမ်းများအရ သိရသည်။
ဓာတ်ပုံ – အင်တာနက်