ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၅ ရက်

 

ရန်ကုန်မြို့လယ်၊ ဗိုလ်အောင်ကျော်လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် ယနေ့ အောက်တိုဘာ ၂၅ ရက်နံနက်ပိုင်းတွင် Townace အမျိုးအစား အောက်ဆိုက်ကား တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရှင်သန်ရေးကူညီမှုအသင်းထံမှ သိရသည်။

 

အဆိုပါ အောက်ဆိုက်ကားသည် ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ဗိုလ်အောင်ကျော်လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်မီးပွိုင့်၌ တက္ကစီယာဉ်ကို ရှောင်တိမ်းရာမှ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် ခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်ကို ကူညီဆောင်ရွက်ပေးခဲ့သည့် လူမှုကူညီရေးအသင်းများက ဖော်ပြထားသည်။

အဆိုပါဒဏ်ရာရသူများတွင် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦးက အဝါရောင်အဆင့် လူနာများ ဖြစ်ပြီး အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦးက အနီရောင်အဆင့်လူနာများဖြစ်ကြောင်း ကူညီပေး နေသည့် လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

 

“မြို့တွင်ပြေးဆွဲတဲ့ဘတ်စ်ကားတွေက နည်းတယ်။ YBS 56 နဲ့57 နဲ့ 58 တို့က ကားစီးရဖို့အကြာကြီး စောင့်ရတယ်။ အဲဒီတော့ အောက်ဆိုက်ကားတွေပဲစီးရတယ်။ အဲဒီကားတွေကအရမ်းမောင်းပေမဲ့ အစီးရေများတော့ စောင့်စရာမလိုဘူး။ မနက်အစော ၅ နာရီခွဲဆိုထွက်နေပြီ။ YBS တွေကမထွက် သေးဘူး။ ညနေဘက်ဆိုလည်း မိုးချုပ်တဲ့အထိရှိတယ်။ YBS က တွေကမရှိတော့ဘူး။ ရုံးဆင်းချိန်းကို ကားပေါ်တက်မရတဲ့အထိ ကျပ်တယ်” ဟု ရန်ကုန်မြို့အတွင်း အလုပ်သွားလာနေသူ အမျိုး သမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင်ရန်ကုန်မြို့အတွင်း လူနေထူထပ်မှုပိုမိုများပြားလာကာ ခရီးသွားပြည်သူများနှင့် ဘတ်စ်ကား အရေအတွက်မလုံ လောက်မှုကြောင့် ရုံးသွားလာသူများအပါအဝင် ခရီးသွားများက မနက်ပိုင်းနှင့် ညနေပိုင်းအချိန်များတွင် အောက်ဆိုက်ပြေးဆွဲသည့် ယာဉ်များကို အားကိုးနေရကြောင်း ရန်ကုန်မြို့ခံ များထံမှ သိရသည်။

 

လက်ရှိ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ယာဉ်များကို ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTA) ၏ ထိန်းသိမ်းကြီးကြပ်မှု အားနည်းပြီး ပျက်စီး ယိုယွင်းနေသည့် ယာဉ်များဖြင့် ပြေးဆွဲနေကြောင်း ရန်ကုန်မြို့ခံများက သုံးသပ်သည်။

 

ယခုနှစ် ဇန်နဝါရီလမှ မေလအတွင်း YBS ယာဉ်တိုက်မှု ၃၂ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၈ ဦး နှင့် ဒဏ်ရာရသူ ၃၇ ဦး ရှိခဲ့ကြောင်း YRTA ၏ ထုတ်ပြန်ချက် အရ သိရသည်။

 

ဓာတ်ပုံ – ရှင်သန်ရေးကူညီမှုအသင်း