ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၅ ရက်

အာဆီယံအဖွဲ့ရဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ ၄ နှစ်သက်တမ်းရှိ ဘုံသဘောတူညီချက် (၅) ရပ် ဟာ အကောင်အထည်ဖော်ဆောင်ဖို့ မခက်ခဲဘဲ စစ်ကော်မရှင်အနေနဲ့ အဆိုပါ ငြိမ်းချမ်းရေးအစီအစဉ်ကို လိုက်နာသင့်ကာ လူသားချင်းစာနာမှု အကူအညီပေးခွင့်ပြုသင့်တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မို ဟာမက်ဟတ်ဆန်က ပြောပါတယ်။

အာဆီယံအဖွဲ့ဟာ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို မရပ်တန့်နိုင်ပေမယ့် ရွေးကောက်ပွဲဟာ တရားမျှတပြီး အားလုံးပါဝင်ဖို့ နိုင်ငံခြားရေးဝန်ကြီးတွေက လို လားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်က အကောင်အထည်ဖော်ဆောင်ဖို့ မခက်ခဲပါဘူး။ ဆွေး နွေးမှုပြုလုပ်ပြီး ပြည်သူတွေထံ အကူအညီပေးအပ်ခွင့်ပြုကာ အဖွဲ့အစည်းအားလုံးနဲ့ ဆွေးနွေးဖို့ ပြန်သွား ခွင့်ရရင် ကောင်းပါလိမ့်မယ်” လို့ ကွာလာလမ်ပူမြို့တော်မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံ မှုအပြီး သူက သတင်းထောက်တွေကို ပြောပါတယ်။

အာဆီယံ ဘုံသဘောတူညီချက်ဟာ အောင်မြင်မှုမရှိခဲ့သလို စစ်ကော်မရှင်ဟာ အတိုက်အခံတွေ ကို အကြမ်းဖက်သမားတွေလို့ ရှုမြင်တာကြောင့် ဆွေးနွေးနိုင်ရေး ထိတွေ့ဆက်ဆံလိုတဲ့ဆန္ဒ မရှိပါဘူး။

အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုသော အနောက်နိုင်ငံတွေရဲ့ စွပ်စွဲ ချက်ကို မြန်မာစစ်ကော်မရှင်က ငြင်းဆန်ပါတယ်။

မြန်မာစစ်ကော်မရှင်ဟာ ပြည်တွင်းစစ်ဖြစ်နေစဉ် အတိုက်အခံတွေမပါတဲ့ ဒီဇင်ဘာလမှစပြီး ရွေး ကောက်ပွဲကို အဆင့်လိုက် ကျင်းပဖို့ စီစဉ်နေပါတယ်။

စစ်တပ်အုပ်ချုပ်မှု သက်တမ်းရှည်စေမယ့် အတုအယောင်လုပ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ပယ် ချခံထားရတဲ့ ရွေးကောက်ပွဲကို တိုက်ပွဲတွေကြောင့် တစ်နိုင်ငံလုံးမှာ ကျင်းပနိုင်မှာ မဟုတ်ပါဘူး။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ မကျင်းပအောင် မရပ်တန့်နိုင်ပေမယ့် ရွေးကောက်ပွဲ ဟာ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနဲ့ အားလုံးပါဝင်ဖို့ လိုလားပါတယ်” လို့ မိုဟာမက်ဟတ်ဆန်က ပြော ပါတယ်။

“ရွေးကောက်ပွဲမှာ ပြည်သူအားလုံး ပါဝင်ရပါမယ်။ ပြည်သူအချို့သာ မဲပေးနိုင်တဲ့ ရွေးကောက်ပွဲ ကျွန်တော်တို့ မလိုလားပါဘူး။ ကျွန်တော်တို့ ဒီကိစ္စကို ဆွေးနွေးပြီး အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ တင် ပြမယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – Reuters
Ref; Asean’s Myanmar peace plan not hard to implement, Malaysia foreign minister says