နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၅ ရက်

 

စစ်ကော်မရှင်က ၎င်းတို့အား အသက်ဆက်ပေးနေသည့် စွမ်းအင်ကဏ္ဍ၊ ကမ်းလွန်လုပ်ကွက်များ ဖြစ်သော ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းတို့မှ ဘဏ္ဍာငွေရရှိရေးအတွက် တရုတ်နှင့် ထိုင်းအစိုးရပိုင် ကုမ္ပဏီများကို လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပူးပေါင်း၍ မကြာမီ ဓာတ်ငွေ့တွင်းများ တူးမည် ဖြစ်ကြောင်း သိရသည်။

 

တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် စစ်ကော်မရှင်ခန့် စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်သည် ဘေကျင်းမြို့ရှိ နိုင်ငံပိုင် စွမ်းအင်ကဏ္ဍ အကြီးအကဲများ၊ ကုမ္ပဏီဥက္ကဋ္ဌများနှင့် တွေ့ဆုံ၍ ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှု လာရောက်ဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက် အရ သိရသည်။

“မြန်မာနိုင်ငံရဲ့ အလားအလာကောင်းမွန်တဲ့ ကမ်းလွန်လုပ်ကွက်တွေမှာ နှစ်ဖက်အကျိုးတူ ပူးပေါင်းမယ်။ မိမိတို့ရဲ့ စွမ်းအင်ကဏ္ဍမှာ ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ များစွာရှိတာမို့ ရင်းနှီးမြှုပ်နှံမှုတွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ပြန်လည်ဖိတ်ခေါ်ပါတယ်” ဟု စစ်ကော်မရှင်စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ပြောကြားခဲ့သည်။

 

ထို့ပြင် ထွက်ရှိလာသော သဘာဝဓာတ်ငွေ့များကို အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း အတွင်း ပို့လွှတ်သယ်ဆောင်နိုင်ရေးနှင့် ကမ်းလွန်လုပ်ကွက်အသစ်များအား လေ့လာရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရေး လုပ်ငန်းများ၌ အကျိုးတူပူးပေါင်းရေး စသည့်ကိစ္စများ ဆွေးနွေးခဲ့သည်။

 

အဆိုပါတွေ့ဆုံမှုများအတွင်း မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ သံပုရာကန် ရေနံချက်စက်ရုံစီမံကိန်းကို တာဝန်ယူဆောင်ရွက်မည့် Sino-pipeline International (SPI) ကုမ္ပဏီဥက္ကဋ္ဌနှင့်လည်း ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးအတွက် ပိုက်လိုင်းများ သွယ်တန်းနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်၏ မြန်မာ့ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းအများစုကို ထိုင်းနိုင်ငံပိုင် ကုမ္ပဏီများက လုပ်ကိုင်ခွင့်ရထားပြီး ယင်းစီမံကိန်း ခုနစ် ခုတွင် ရတနာ၊ ရဲတံခွန်၊ ဇောတိက၊ ရွှေ၊ အောင်သိင်္ခ၊ မင်းရဲသူ စသည့် လုပ်ကွက်များ ပါဝင်သည်။

 

စစ်ကော်မရှင်သည် ကမ်းလွန်စီမံကိန်းများမှ သဘာဝဓာတ်ငွေ့ အထွက်နှုန်း နည်းပါးလာခြင်းကြောင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် တွင်းအသစ်များ တူးဖော်ရေး နှင့် ကမ်းလွန်စီမံကိန်းအသစ်များ ဖော်ဆောင်ရေး စာချုပ်ချုပ်ဆိုရေး တို့ကို ထိုင်းနိုင်ငံပိုင် ရေနံနှင့် စွမ်းအင်ကုမ္ပဏီဖြစ်သည့် PTTEP နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

 

နေပြည်တော်ကို ပြီးခဲ့သည့် ရက်ပိုင်းက ရောက်ရှိလာသည့် PTTEP ၏ အမှုဆောင်အရာရှိချုပ်နှင့် စစ်ကော်မရှင်ခန့် စွမ်းအင်ဝန်ကြီးတို့ တွေ့ဆုံရာတွင် ထပ်မံရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ပြီး စီမံကိန်းအသစ်ဖြစ်သည့် ကမ်းလွန်လုပ်ကွက် အောင်သိင်္ခနှင့် စာချုပ်ချုပ်ဆိုနိုင်ရန် ညှိနှိုင်းဆောင်ရွက် ပေးမည်ဟု ကတိပြုခဲ့သည်။

 

ထိုင်းနိုင်ငံပိုင် PTTEP သည် မြန်မာ့ကမ်းလွန် ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းသုံးခုကို လုပ်ကိုင်ခွင့် ရထားပြီး ယင်းတို့မှာ မုတ္တမကမ်းလွန်ရှိ ရေတိမ်ပိုင်းလုပ်ကွက်များဖြစ်သော M-5, M-6 (ရတနာ)၊ M-9 (ဇောတိက)နှင့် M-12, M-13, M-14 (ရဲတံခွန်)တို့ဖြစ်ကာ စစ်ကော်မရှင်ကို ဘဏ္ဍာငွေ ရှာဖွေပေးလျက် ရှိကြောင်း သိရသည်။

 

လက်ရှိတွင် အဆိုပါသုံးခုအနက်မှ ရတနာနှင့် ဇောတိက စီမံကိန်းများမှာ သဘာဝဓာတ်ငွေ့များ အထွက်နည်းနေသဖြင့် ယခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှ ၂၀၂၇ ခုနှစ် မတ်လ ၃၀ ရက်အထိ သဘာဝဓာတ်ငွေ့လုပ်ကွက် M-5, M-6 (ရတနာ)တို့၌ ဓာတ်ငွေ့တွင်းများ တူး‌ဖော်သွားမည်ဟု စစ်ကော်မရှင်က ကြေညာထားသည်။

 

ယင်းအပြင် မုတ္တမကမ်းလွန်ရှိ ဇောတိက (M-9) စီမံကိန်းတွင်လည်း တူးဖော်နေသည့် တွင်းအသစ်များမှ သဘာဝဓာတ်ငွေ့များကို ၂၀၂၆ နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ပြီး အာမခံချက်ကောင်းမွန်သည့် ကမ်းလွန်စီမံကိန်းအသစ်များ၌ ရင်းနှီးမြှုပ်နှံရန် PTTEP ကို စစ်ကော်မရှင်က ဖိတ်ခေါ်ထားသည်။

ဓာတ်ပုံ-MOI