‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၂၅ရက်

‎ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ စပြင်ကျေးရွာကို စစ်ကော်မရှင်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်သည့်အတွက် ပြည်သူနှစ်ဆယ်ကျော် သေဆုံးကြောင်း သိရသည်။

‎စစ်ကော်မရှင်က ဂျက်ဖိုက်တာ သုံးစီးဖြင့် စပြင်ကျေးရွာကို အောက်တိုဘာ ၂၃ရက် နံနက် ၁၁နာရီ ၃၀မိနစ်မှစ၍ မိနစ်၂၀ခန့်ကြာအောင် ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

‎”စပြင်ရွာဗုံးကြဲခံရတာဟုတ်ပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေလည်း ထိခိုက်သေဆုံးတာအမှန်ပါ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎နံနက်ပိုင်းတွင် ဂျက်ဖိုက်တာ နှစ်စီးဖြင့် စပြင်ရွာကို လာရောက်တိုက်ခိုက်ခဲ့ပြီး နေ့လယ်တွင်လည်း ထပ်မံလာရောက်၍ ပေါင် ၅၀၀ ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

‎အဆိုပါတိုက်ခိုက်မှုတွင် အမျိုးသမီး လေးဦးအပါအဝင် ၂၄ ဦးသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

‎”ညကလည်း ပေါက်ကွဲသံကြီး ၁၀ချက်ကျော်ကြားရပါတယ်။ လေယာဉ်လား၊ လက်နက်ကြီးလားတော့မသိဘူး” ဟု ရေကြည်ဒေသခံတစ်ဦးကပြောသည်။

‎လေကြောင်းတိုက်ခိုက်ခံရသည့် စပြင်ရွာတွင် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ ဗုံးကြဲခံရမှုကြောင့် ဒေသခံများနှင့် စစ်ဘေးရှောင်များ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။