ဧရာဝတီတိုင်းမ်
(မီဇိုရမ်)၊ အောက်တိုဘာ ၂၅ ရက်
မြန်မာ – အိန္ဒိယနယ်စပ်၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်၊ Saikhumphai ကျေးရွာအနီးရှိ တောတွင်း တစ်နေရာတွင် မြေမြှုပ်ဝှက်ထားသော မြန်မာထုတ် သေနတ်များအပါအဝင် လက်နက်ခဲယမ်းများကို အိန္ဒိယ အာသံရိုင်ဖယ်တပ်ဖွဲ့က ရှာဖွေသိမ်းဆည်းရမိကြောင်း သိရသည်။
အိန္ဒိယအာသံရိုင်ဖယ်တပ်ဖွဲ့သည် အဆိုပါလက်နက်များကို ယမန်နေ့ အောက်တိုဘာ ၂၄ ရက်နေ့တွင် ကျန်ဖိုင်ခရိုင်၊ Saikhumphi ကျေးရွာအနီးဝန်းကျင်၌ ရှာဖွေသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး လက်နက် များကို Dungtlang ရဲစခန်းထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများမှာ ၆၀ မမ စိန်ပြောင်း ၆ လက် ၊ရိုင်ဖယ်သေနတ် နှစ်လက်၊ တစ်လုံးပြူး သုံးလက်၊ Grenade တစ် လက်၊ ၇.၆၂ မမ ကျည် ၄၀ ထောင့်၊ ၆၀ မမ ကျည် ၅၀ ထောင့် နှင့် စကားပြောစက် နှစ်ခုတို့ဖြစ်သည်။
ထိုသို့လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည့် Saikhumphai ကျေးရွာသည် ဖလမ်းမြို့နယ်ရှိ ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ချုပ်(CNO/CNDF) ၏ ဌာနချုပ်အနီးတွင်ရှိသည့် ကျေးရွာဖြစ်၍ CNO/CNDF ရဲဘော်များ ဖွတ်ထားသည့် လက်နက်ခဲယမ်းများဖြစ်နိုင်ကြောင်း ဒေသခံများ သုံးသပ်သည်။
“အခုသိမ်းဆည်းရတဲ့ လက်နက်ခဲယမ်းတွေက CNO/CNDF ဌာနချုပ်အနားမှာ တွေ့တာပါ။ လက်နက်ခဲယမ်းတွေကလည်း လက်လုပ်သေနတ်တွေ၊ မြန်မာထုတ်တွေပါ။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက CNO ဌာနချုပ်ကို CDF (ဟွာငိုရမ်)၊ CNA တွေ တိုက်တုန်းက CNO/CNDF ရဲဘော်တွေ အိန္ဒိယဘက် ထွက်ပြေးစဥ်က ခက်နက်ခဲယမ်းတွေ ဖြစ်ဖို့များတယ်” ဟု အိန္ဒိယ-မြန်မာနယ်စပ်ရှိ ချင်းအမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုနှစ် ဇူလိုင်လတွင် CDF (ဟွာငိုရမ်) နှင့် CNA တို့ ထိန်းချုပ်ထားသည့် ရိဒ်ခေါဒါရ်မြို့ကို CNO/CNDF က တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ဖလမ်းမြို့နယ်ရှိ CNO/CNDF ဌာနချုပ်ကိုလည်း CDF (ဟွာငိုရမ်) နှင့် CNA တို့က တိုက်ခိုက်သိမ်းပိုက်မှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
လက်ရှိတွင် မီဇိုရမ်ပြည်နယ်အစိုးရသည် မြန်မာနိုင်ငံမှ တရားမဝင် မူးယစ်ဆေးဝါးများ စီးဆင်း ဝင်ရောက်မှု ထိန်းချုပ်ရန်အတွက် “Operation Jericho” စစ်ဆင်ရေးကို စက်တင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဆောင်ရွက်နေသည်။
အဆိုပါ စစ်ဆင်ရေးကြောင့် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကျန်ဖိုင် ခရိုင်ရှိ ဝင်ပေါက် (၂၂) ခု ကို အဓိကပစ်မှတ်ထား စစ်ဆေးနေပြီး မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ တင်သွင်းလာသည့် တရားမဝင် မူးယစ်ဆေးဝါးများသာမက လက်နက်ခဲယမ်းများကိုပါ ရဲတပ်ဖွဲ့များက ဆက်တိုက် ဖမ်းဆီးရမိလျက်ရှိကြောင်း ဖော်ပြထားသည်။
ပုံစာ-အိန္ဒိယ အာသံရိုင်ဖယ်တပ်ဖွဲ့က ရှာဖွေသိမ်းဆည်းရမိ လက်နက်နှင့်ခဲယမ်းများ။