ဗွီအာတီ/ ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဩဂုတ် ၁၂ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုးပြည်နယ်၊ လုံးလေမြို့တွင် CDMပညာရေးဝန်ထမ်းများက ကိုယ်ထူကိုယ်ထစနစ်ဖြင့် စာသင်ကျောင်းဆောင်များဌားရမ်းကာ ဩဂုတ်လ၊ ပထမပတ်မှစတင်၍ လုံးလေမြို့တွင် နေထိုင်ကြသော စစ်ဘေးရှောင်ကျောင်းသား/ကျောင်းသူများကို ပညာသင်ကြားပေးနေကြောင်း သိရသည်။

လုံးလေမြို့ရှိ စစ်ဘေးရှောင်ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် CDMပညာရေးဝန်ထမ်းများနှင့် ကျောင်းသားမိဘများ ဝိုင်းဝန်းပူးပေါင်း၍ အိန္ဒိယရူဘီတစ်လ(၆၀၀၀)နှုန်းဖြင့် စာသင် ကျောင်းဆောင် ဌားရမ်းကာ ကျောင်းသား/ကျောင်းသူစုစုပေါင်း(၃၀)ဦးခန့်ကို ပညာသင်ကြားပေး နေကြောင်းCDMဆရာ/ဆရာမများထံမှ သိရသည်။

“ လုံးလေမြို့၊ တာဝန်ရှိသူတွေနဲ့ ဒီဒေသရဲ့ ပညာရေးတာဝန်ရှိတွေထံ ခွင့်ပြုချက်ရယူပြီးတော့ အခက်အခက်ပေါင်းစုံကြားကနေ ဖွင့်လှစ်နိုင်တာပါ၊ ပညာသင်ကြားပေးတဲ့ ဆရာ/ဆရာမ တွေကလည်း တစ်နေ့လုပ်/တစ်နေ့စာဘဝတွေပါပဲ၊ ဒါပေမယ့် ကျောင်းသား/ကျောင်းသူတွေပညာသင်ကြားပေးဖို့ ကိုယ့်ရဲ့တာဝန်တစ်ခု ဖြစ်လာတဲ့အချိန်မှာ လုပ်အားပေးအနေနဲ့ စေတနာကို အရင်းခံပြီး သင်ကြားပေးတာ ဖြစ်တယ်၊ စာသင်ကျောင်းဆောင်ကိုတော့ ရေဖိုး/မီးဖိုးအပြင် တစ်လရူဘီ (၆၀၀၀)နှုန်းဖြင့် စာသင်ခန်း(၃)ခန်းကို ကျောင်းသားမိဘတွေနဲ့ ပူးပေါင်းပြီး ဌားရမ်းခဲ့ပါတယ်၊ လိုအပ်တဲ့ ကျောင်းသုံးစာရေးကိရိယာနဲ့ ပတ်သက်သမျှကို ကျောင်းသားမိဘတွေကိုပဲ ဆောင်ရွက်ခိုင်းထားပါတယ်”ဟု CDMပညာရေးဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်သတင်းဌာနသို့ ပြောကြားသည်။

ချင်းပြည်နယ်အတွင်းရှိ ဒေသကာကွယ်ရေးတပ်များက ထိန်းချုပ်ထားသောနယ်မြေ တစ်ချို့နှင့် မီဇိုးပြည်နယ်၊ မြို့နယ်တစ်ချို့တွင် ကျောင်းသား/ကျောင်းသူများကို ကိုယ်ထူကိုယ်ထစနစ်များဖြင့် ပညာအသီးသီးသင်ကြားပေးနေကြောင်းCDM ကျောင်းဆရာ/ဆရာမများထံမှ သိရသည်။

လွတ်မြောက်နယ်မြေများတွင် အခြေခံကျောင်းများဖွင့် လှစ်ပြီးနောက် တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူလူဦးရေးပိုမိုများပြားလာခြင်းကြောင့် ကျောင်းသုံးသင်ထောက်ကူ ပစ္စည်းများနှင့် အခြားကျောင်းသုံးဆိုင်ရာအကူအညီများလည်း လိုအပ်မှု ရှိနေသည်ဟုဆိုသည်။

“စာသင်ကျောင်းတွေ စတင်ဖွင့်လှစ်ပြီးနောက်ပိုင်းမှာ ကျောင်းသား/ကျောင်းသူလူဦးရေက ပိုမိုတိုးလာတဲ့အတွက် ဆရာ/ဆရာမတွေနဲ့ ကျောင်းသုံးဆိုင်ရာ သင်ထောက်ကူစာရေးကိရိယာတွေက အစလိုအပ်မှုတွေ ရှိလာတယ်၊ ပြည်တွင်း/ပြည်ပအလှူရှင်တွေအနေနဲ့လည်း ပညာရေးနဲ့ပတ်သက်ပြီး ကျောင်းသုံးဆိုင်ရာလိုအပ်မှုတွေမှာ ပါဝင်လှူဒါန်းနိုင်ပါတယ်”လို့ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပညာသင်ကြားပေးနေသော CDMဆရာမက ပြောဆိုသည်။

မီဇိုးပြည်နယ်တွင် ဖွင့်လှစ်ထားသော စာသင်ကျောင်းများတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၀၀၀)နီးပါးကို သင်ကြားပေးလျက်ရှိပြိး ချင်းဘာသာရပ်အပါအဝင် မြန်မာစာနှင့် သင်္ချာဘာသာရပ်ကို ဦးစားပေးသင်ကြားပေးကာ အထက်တန်းကို ဆက်လက်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။