
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၃ ရက်
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီ၏ မြတောင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်ကြောင်း သိရသည်။
ထီးချိုင့်မြို့တဖက်ကမ်းတွင် ဘန်ကာများ၊ ကာကင်းစခန်းများနှင့် အခိုင် အမာတပ်စွဲထားသည့် မြတောင် စစ်စခန်းကို ယမန်နေ့ ဩဂုတ် ၂၂ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို ပစ်ချနေတာ အရင်ရက်တွေကတည်းက။ သိမ်းလို့ရတဲ့ မြတောင်က ဧရာဝတီမြစ်ကူးတံတားနဲ့ဆက်ထားတာ။ မြို့ထဲကတပ်တွေကလည်း မြတောင်မှာ အင်အားတိုးချဲ့ပြီး အထိုင်ချနေတာ။ ဒရုန်းဒဏ်ကာ ကွယ်ဖို့အတွက် ဂူတွေပါတူး ထားတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထီးချိုင့်မြို့အတွင်းရှိ စစ်ကောင်စီ၏ ရွှေဂူတောင်ဘုရားကုန်းစစ်စခန်းနှင့် မြတောင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူး ပေါင်းတပ်က ယမန်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် ထီးချိုင့်ရှိ စစ်စခန်းများမကျစေရေးအတွက် မြေပြင်ခံစစ်အပြင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခြင်းများကိုပါ ပြုလုပ်ခဲ့ပြီး ယမန်နေ့တစ်နေ့တည်းတွင်ပင် Y 12 ထောက်ပို့လေယာဉ်ဖြင့် ဗုံးအလုံး ၅၀ ခန့် ကြဲချခဲ့ပြီး ဂျက်ဖိုက်တာဖြင့် ၁၂ ကြိမ်ခန့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရ သည်။
တော်လှန်ရေးပူးပေါင်းတပ်များသည် ထီးချိုင့်မြို့ကို ပြီးခဲ့သည့် ဩဂုတ် ၂၁ ရက်နေ့မှစတင်ကာ တိုက်ခိုက်ခဲ့ပြီး ထိုနေ့တွင် မြတောင်တပ်စခန်း၏ ကာကင်းစခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်။
စစ်ကောင်စီက ထီးချိုင့်မြို့ကို ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက်နေ့မှစတင်ကာ ယမန်နေ့ ဩဂုတ် ၂၂ ရက်နေ့အထိ ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအလုံးရေ ၂၀၀ နီး ပါး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ထီးချိုင့်မြို့အတွင်း၌ မြသိန်းတန်စေတီတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်း၊ ကျောက်စေတီတပ်စခန်းနှင့် မန္တလေး-မြစ်ကြီးနား လမ်းဆုံ၊ ဧရာဝတီတံတားထိပ်တွင် တပ်စွဲထားသည့် တပ်စခန်း၊ စုစုပေါင်း တပ်စခန်း သုံးခုသာကျန်ရှိတော့ ကြောင်း သိရသည်။
ထီးချိုင့်မြို့တိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အာရက္ခတပ်တော် (AA) ၊ ကျောင်းသားတပ်မတော် (ABSDF) နှင့် ဒေသကာကွယ်ရေးတော်လှန်ရေးပူးပေါင်းတပ်များ ပါဝင်၍ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကာ ယနေ့ ဩဂုတ် ၂၃ ရက်နေ့ နံနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထီးချိုင့်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အလံဖြူထောင် လက်နက်ချသည့် တပ်စခန်းများရှိသလို စခန်းစွန့်ခွာ ထွက်ပြေးသွားသူများလည်းရှိပြီး စစ် ကောင်စီတပ်ဖွဲ့ဝင် အများအပြားကိုလည်း ဖမ်းဆီးရမိ မှုများရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရ သည်။
#စစ်ကိုင်း #ထီးချိုင့် #မြတောင် #စစ်ကောင်စီ #တပ်စခန်း #တော်လှန်ရေးပူးပေါင်းအဖွဲ့ #သိမ်းပိုက် #Ayeyarwaddy_Times