
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၃ရက်
ဧရာဝတီတိုင်းတွင် ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးစိုက်ပျိုးဧက ၈၀ ရာခိုင်နှုန်းနီးပါး ပျက်စီးဆုံးရှုံးခဲ့သည်ဟု စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
ဟင်္သာခရိုင် ၊ ပုသိမ်ခရိုင် ၊ ကျုံပျော်ခရိုင်၊ မအူပင်ခရိုင် နှင့် ဖျာပုံခရိုင်အတွင်းရှိ စိုက်ပျိုးပြီး ဖြစ်သည့် တစ်ပေခွဲအရွယ်ဝန်းကျင်ရှိသော စပါးပင်များ ရေနစ်မြုပ်ကာ ပျက်စီးဆုံးရှုံးသွားခြင်းဖြစ်သည်ဟု စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူက ပြောသည်။
“စပါးပင်တွေက အတော်သန်နေပြီ အနိမ့်ပိုင်း
လယ်တွေအားလုံးရေနစ်ပြီး စပါးပင်တွေနှုန်းတွေဖုံး အပင်တွေရေစီးနဲ့ ကျွတ်ပါပြီး ယိုင်လဲ ပျက်စီး ဆုံးရှုံးသွားတယ် အမြင့်ပိုင်း လယ်အနည်းအကျင်းပဲ သက်သာရာရတယ်” ဟု လေးမျက်နှာမြို့နယ်က တောင်သူတစ်ဦးက ဆိုသည်။
ဧရာဝတီတိုင်းအတွင်းရှိ ရန်ကုန် ပုသိမ် ကားလမ်းတလျှောက် ဘေးတဘက်တချက်ရှိ လယ်ကွင်းများအားလုံး စိုက်ပျိုးထားသော စပါးပင်များ ရေနစ်မြုပ်နေသည်ကို တွေ့ရှိခဲ့ရသည်ဟု ပုသိမ် ရန်ကုန် ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်း ပြေးဆွဲသူများထံက သိရသည်။
ရေနစ်မြုပ်ကာပျက်စီးသွားသည့်အတွက် လယ် တစ်ဧက စိုက်ပျိုးရင်းနှီးငွေ ကျပ်ငါးသိန်း ဝန်းကျင်ကျော် ဆုံးရှုံးခဲ့ရုံမက ငါးမွေးမြူရေးကန်များလည်းရေနစ်မြုပ်ကာ ပျက်စီးဆုံးရှုံးခဲ့ ရကြောင်း သာပေါင်း နှင့် မအူပင်မြို့နယ် ဒေသခံတောင်သူအများစုထံက သိရသည်။
“လယ်တွေစပါးတွေတင်ပျက်စီးတာဆုံးရှုံးတာ မဟုတ်ဘူး။ ငါးမွေးမြူထားတဲ့ ကန်တွေပါ ပျက်စီးကုန်တာ ငွေတန်ဘိုး သိန်းထောင်သောင်းချီပြီး ဆုံးရှုံးကုန်တယ်” ဟု မအူပင် မြို့နယ် အတွင်းက စပါးငါးမွေးသည့် တောင် သူတစ်ဦးက ရှင်းပြသည်။
ယခုအခါ မြစ်ရေပြန်ကြနေပြီဖြစ်ပြီး မိုးစပါး ပြန်စိုက်ရန်အတွက် မျိုးစပါး နှင့် စက်သုံးဆီ အပါအဝင် သွင်းအားစုများ သုံးဆတိုးကာ ဈေးမြင့်တက်နေသဖြင့် အခက်တွေ့နေရကြောင်း တောင်သူများက ဆိုသည်။
ဧရာဝတီတိုင်းတွင် အသားတင်စိုက်ပျိုးမြေ ဧကမှာ ၄၈၁၀၀၄၄ ဧကရှိပြီး မိုးစပါး စိုက်ပျိုး ဧက ၃၈ သိန်း နီးပါးရှိကာ ကျေးလက်နေ ပြည်သူ ၇၀ ရာခိုင်နှုန်းကျော်မှာ လယ်ယာ လုပ်ငန်းလုပ်ကိုင်သူများဖြစ်သည်ဟု ဧရာဝတီတိုင်း စိုက်ပျိုးရေး ဦးစီး ဌာန မှတ်တမ်းများ အရ သိရသည်။
#ဧရာဝတီတိုင်း #မိုးစပါး #စိုက်ပျိုးဧက #ရေနစ်မြုပ်ပျက်စီး
#Ayeyarwaddy_Times