ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၃ ရက်

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီက မြို့အတွင်းသို့ စစ်ရဟတ်ယာဥ် လေးစင်းဖြင့် စစ်ကူပို့၍ အင်အားတိုး ချဲ့နေကြောင်း သိရ သည်။

ဝန်းသိုနှင့် ကန့်ဘလူရှိ စစ်ကောင်စီတပ်စခန်းများမှ စစ်ကူများကို အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)မှ MI-17 ရဟတ်ယာဉ်ဖြင့် ယမန်နေ့ ဩဂုတ် ၂၂ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားရာ ပင်လည်ဘူးမြို့သို့ ပို့ဆောင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“ဝန်းသိုနဲ့ ကန့်ဘလူက တပ်တွေကိုပါ သွားခေါ်ပြီး ရဟတ်ယာဉ်နဲ့ အကြိမ်ကြိမ်အခါခါသယ်ပို့နေတာ။ ပြည်သူ့စစ်နဲ့ ပျူစောထီးတွေ အများကြီးပါတယ်ပြောတယ်။ ကောလင်းမှာ အနိုင်ရထားတော့ ပျူစောထီး တွေက တက်ကြွနေတယ်။ တိုက်ပွဲကတော့ အတော် လေးပြင်းထန်နေတုန်းပဲ”ဟု စစ်ရေးသတင်းရင်းမြစ် က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ဝန်းသို ခမရ-၁၂၀ နှင့် ကန့်ဘလူ ၆၀၀၆ အမြောက် တပ်ရင်းတို့မှ စစ်ကူအင်အား ၁၇၀ ခန့်ကို ပင်လည်ဘူး အရှေ့ဘက် ကျွန်းပင်သာရွာအနီးသို့ စစ်ကူ ၇ ကြိမ်ခန့်ပို့ ဆောင်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်များသည် ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်နေ့မှ စ၍ ပင်လည်ဘူးမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ရာ ယမန်နေ့တွင် တိုက်ပွဲပိုမိုပြင်းထန်ခဲ့ကြောင်း သိရသည်။

ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့များက ဩဂုတ် ၁၆ ရက်နေ့တွင် အင်းတော်မြို့နယ်ကိုလည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အင်းတော်မြို့နှင့် နဘားရှိ ရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များ တပ်စွဲထားသည့် အင်းတော်-နဘား-ကသာလမ်းဆုံနှင့် နဘားကျေးရွာ ဘုန်းကြီး ကျောင်းတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် စခန်းများကို ပြီးခဲ့သည့် ဩဂုတ် ၁၇ ရက်နေ့တွင် တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။

အင်းတော်မြို့နယ်အတွင်းတွင် စစ်ကောင်စီ၏ တပ်မ (၇၇) မှ တပ်ဖွဲ့ဝင်များအပြင် ရှမ်းနီပြည်သူ့စစ် (SNA) နှင့် ပျူစောထီးတပ်ဖွဲ့ဝင်များ တပ်စွဲပြီး ခုခံနေသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ကိုင်းတိုင်းအတွင်းရှိ အင်းတော်၊ နဘား၊ ကသာ၊ ပင်လည်ဘူး၊ ထီးချိုင့်မြို့နယ်တို့တွင် စစ်ကောင်စီတပ်ကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

#စစ်ကိုင်း #ပင်လည်ဘူး #အင်းတော် #စစ်ကောင်စီ #လေကြောင်း #စစ်ကူပို့ဆောင် #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times